အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို  လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇွန် ၃၀

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို  လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ နိုင်နိုင်လွင် (ခ) ကိုနိုင်၊ မအေးအေးခိုင် နှင့် မသော်သော်တို့က တစ်မြို့တည်းနေ မ --- ၊ ၂၁ နှစ်နှင့် ရွှေပြည်သာမြို့နယ်နေ မ ---၊ ၁၇ နှစ် တို့ကို  တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေ ၁၀ သိန်းရမည်၊ ရွှေနှင့် ဖုန်းများရမည်၊ တစ်နှစ်ခန့်သာ ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံး၍ ထောက်ခံစာနှင့် အိမ်ထောင်စုစာရင်း (မိတ္တူ) အတုများ ပြုလုပ်ပေးပြီး မူဆယ်မြို့သို့ခေါ်ဆောင်ကာ တရုတ်နိုင်ငံနေ မမေသီဦးနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်နေစဉ် ဖမ်းဆီးရမိသဖြင့်  မူဆယ်မြို့မရဲစခန်း (ပ) ၆၂၃ / ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၂၆(ခ)/ ၃၂  ဖြင့် အမှုရေးဖွင့်၍ မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံနိုင်နိုင်လွင် (ခ) ကိုနိုင်၊ မမေသီဦး၊ မအေးအေးခိုင် တို့အား ဇွန်  ၂၉ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ အရ  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမေသီဦးအား တရားခံပြေး ကြေညာခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါ်ဝါဝါစိုးက တစ်မြို့နယ်တည်းနေ မ --- ၊ ၂၁ နှစ်ကို တရုတ်အမျိုးသား ဓာတ်ပုံပြသ၍ လက်ထပ်ပေါင်းသင်းရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ ဓာတ်ပုံပြသသည့် အမျိုးသားနှင့်မဟုတ်ဘဲ စိတ်ကျန်းမာရေး မကောင်းသည့် တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၄၉၀၅/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်ဝါဝါစိုး ကို ဇွန်  ၂၉ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်