အင်းစိန်မြို့နယ်တွင် မြန်မာ့ဓလေ့၊မြန်မာ့ယဉ်ကျေးမှု မြန်မာမှုသုတပဒေသာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် ဇူလိုင် ၁

           

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတများစွာ ရရှိစေရန်၊စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ မြန်မာ့ဓလေ့၊မြန်မာ့ယဉ်ကျေးမှု မြန်မာမှုသုတပဒေသာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပခဲ့သည်။

           

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဉယျာဉ်အသင်း နာယက ရန်နောင်(ပညာရေး)၊ဥက္ကဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)၊ဒုတိယ ဉက္ကဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မူခင်း)တို့က အမှာစကားအသီးသီးပြောကြားကြသည်။

 

ထို့နောက်         ဒေါက်တာ နှင်းအေးခိုင်ဆွေ(သမိုင်း)ရေးသားသည့် မြန်မာ့ဓလေ့၊မြန်မာ့ယဉ်ကျေးမှု မြန်မာမှု သုတပဒေသာစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာ စိန်ညိုမင်း (ထန်းတပင်)၊ စာရေးဆရာမ ခင်နွဲ့မူ(အင်းစိန်)၊ စာရေးဆရာမ ရွှေဘုတ်(အင်းစိန်)နှင့် စာရေးဆရာ မော်ကျွန်းရဲခိုင်တို့က အသီးသီး ဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊စာပေဉယျာဉ်အသင်း ဒုတိယ ဥက္ကဌ ဆရာ လှမိုးနိုင်၊ အဖွဲ့ဝင် ဆရာသက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ စာရေးဆရာ အောင်မြင့်သောင်း (ဘူမိ ဗေဒ)နှင့် စာရေးဆရာ မောင်နွယ်မြင့်(စာပေဗိမာန်)တို့က အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ နာယက ဦးသက်တင်(မောင်သာတင့်)က နိဂုံးချုပ် စကားပြောကြားခဲ့သည်။

 

စာဖတ်ဝိုင်းသို့ စာပေဉယျာဉ် အသင်းမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်အတွင်းရှိ စာရေးဆရာများ၊စာပေဝါသနာရှင်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

           

ဇွဲထက်ကို(ပြန်/ဆက်)