MCRD co-op mart အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၁

 

ဇူလိုင် (၂) ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် MCRD Co-op Mart အရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားနှင့် သမဝါယမလုပ်ငန်းများရှင်သန်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတို့ကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပသည်။

 

ဦးစွာ နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MCRD co-op mart အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ထမ်းများ၏ သက်သာချောင်ချိ ရေးအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သမဝါယမအသင်းများ၏ စံနမူနာ ဖြစ်စေရန်လည်း ရည်ရွယ်ပါကြောင်း၊ MCRD co-op mart တွင် သမဝါယမဦးစီးဌာနအနေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အစရှိသည့် အခြေခံ စားသောက်ကုန်များကို တာဝန်ယူရောင်းချပေးမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ယွန်းပညာကောလိပ်နှင့် ရက်ကန်းကျောင်းများမှထွက်ရှိသော ယွန်းထည်နှင့် ရက်ကန်းထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များကို အမျိုးအစား စုံလင်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ အမြတ်ရရေးကို ဦးစားမပေးဘဲ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရေး၊ ဝန်ဆောင်မှုကောင်းကောင်းဖြင့် အောင်မြင်သော အရောင်းဆိုင်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ အရောင်းဆိုင် ရေရှည်တည်တံ့စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ကြသူများအားလုံး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက အရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆိုင်အတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ သမဝါယမလုပ်ငန်းများရှင်သန်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းနှင့် ချေးငွေ လုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို အဆိုပါ ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမဦးစီးဌာနအနေဖြင့် ပြည်သူတို့ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်း စဉ်များ ချမှတ်ကာ ပြည်သူတို့၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် သမဝါယမ နည်းလမ်းဖြင့် သမဝါယမအသင်းများက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်းစုချုပ်များ၊ မြို့နယ် သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ပြီး လယ်ယာထွက်ကုန် သီးနှံများ၊ ဆန်စပါး၊ စားသုံးဆီ၊ ရေထွက်ကုန်ပစ္စည်းများကို စတင်ဆောင်ရွက်သည့် အချိန်များ၌ အမြတ်မယူ အရှုံးမရှိစေရေးမူနှင့် အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းတို့အတွက် လိုအပ်သော အရင်းအနှီး ချေးငွေများ ထုတ်ချေးပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများအပါအဝင် စက်ကိရိယာ များ ပံ့ပိုးပေးခြင်း၊ မျိုးကောင်း၊ မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ သမဝါယမ ကန်ထရိုက်လယ်ယာ (Cooperative Contract Farming) စနစ် ဆောင်ရွက်ပေးခြင်း၊ လူသုံး၊ အိမ်သုံးနှင့် ဒေသထွက်ကုန်သီးနှံများ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းတို့ကို Focalအဖြစ် တာဝန်ယူ ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အောင်မြင်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခုမှ ပေါင်းစပ်ညှိနှိုင်းကာ တက်ညီလက်ညီဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြား သည်။

 

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကိုလည်းကောင်း၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ဖြူက လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးများနှင့်  သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ များက လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)