သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော်    ဇူလိုင်    ၁

 

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့နံနက် ၉ နာရီတွင်  နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

 

 

အခမ်းအနားတွင်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီး ဌာန၏ ဌာနကြီးတစ်ခုဖြစ်သည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းထားရာမှ  ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအဖြစ်   ပြောင်းလဲဖွဲ့စည်းခဲ့သည့်အတွက်  ယခုအခါ  ၂၄ နှစ်တာကာလကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၄ နှစ် ပြည့်မြောက်သည့်ကာလတွင် ဘယ်လိုတိုးတက်မှုတွေ၊ အောင်မြင်မှုတွေရှိခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့သလဲဆိုတာတွေကို   ပြန်လည်သုံးသပ်ကြည့်ရမှာဖြစ်သလို အနာဂတ်ကို ဘယ်လိုဆက်သွားရ မယ်ဆိုတာတွေကို  မြော်တွေးလုပ်ကိုင်ကြရမှာဖြစ်ကြောင်း။

 

မီဒီယာသည်  နိုင်ငံအတွက် များစွာအရေးကြီးကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် နိုင်ငံအတွက်   အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်၍   ပြည်သူကိုဝန်ဆောင်မှုများ  ပေးလျက်ရှိရာ သွက်လက်ထက်မြက်မှု၊   နုပျိုသစ်လွင်မှုများနှင့် နိုင်ငံတော်နှင့်  ပြည်သူအကျိုးအတွက်   ဆက်လက်ဖော်ဆောင်သွားစေလိုကြောင်း။

 

နှစ်ပေါင်း  ဤမျှကြာမြင့်အောင်   ထိန်းသိမ်းဖြစ်တည်လာခဲ့သည့်ဌာနကြီးကို လက်ဆင့်ကမ်းပြီး အရည်အသွေး၊  အရည်အချင်း တိုးတက်မြင့်မားအောင် ဆောင်ရွက်လျက်ရှိသည့် ဌာနအကြီးအကဲများ၊ စာတည်းမှူးချုပ်များနှင့်   စာတည်းအဖွဲ့ဝင်များ၊ သတင်းထောက်များ၊ ဝန်ထမ်းများအပါအဝင် ပြင်ပမှ ဝိုင်းဝန်းကူညီ အားဖြည့်ပေးသည့် စာရေးဆရာကြီးများ၊ ပြင်ပသတင်းထောက်များ၊  စာဖတ်ပရိသတ်များ၊ သတင်းစာကိုယ်စားလှယ်ကြီးများနှင့်  အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသူအားလုံးကို ကျေးဇူးတင်ရှိသည်ဟု ဂုဏ်ပြုပြောကြားလိုကြောင်း။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၄ နှစ်တာ ကာလ အတွင်း နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှုအားလုံးကို ပြည်ထောင်စု ဝန်ကြီးအနေဖြင့် အသိအမှတ်ပြုကြောင်း ပြောကြားသည်။

 

ထို့နောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်နှင့်   မြန်မာ့သတင်းစဉ် တို့ကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍     ဒုတိယဝန်ကြီး  ဦးရဲတင့်က   Myanmar Digital News နှင့် ရုံးချုပ်(သတင်းဌာန) တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက်   ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဆုရရှိသော ဌာနများအလိုက်  ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက်   အငြိမ်းစား  စာတည်းမှူးချုပ် နှစ်ဦးက မုဒိတာစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်