ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပွင့်ဖြူ      ဇူလိုင်    ၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

 

နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ဝယ်ယူ စားသုံးကြကြောင်း၊ နဂါးမောက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတု စိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုရှိကြောင်း ၊ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် တစ်နှစ်လျှင် ငါးကြိမ်ခန့် အသီးများလှိုင်လှိုင်သီးကြောင်း၊ ရောင်းချရာ၌ အလုံးအကြီးအသေးပေါ်မူတည်ပြီး အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် ၇၀၀၊ ၈၀၀ ခန့် ရောင်းချရပြီး အလုံးသေးပါက တစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်းရောင်းချရကြောင်း ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူ ဒေါ်မြင့်မြင့်အေး က ပြောသည်။  

 

နဂါးမောက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစ်စိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ခြောက်ပေကွာ စိုက်ပျိုးလေ့ရှိကြောင်း၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ (၂)မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက်ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲစားသုံးပါက အစာချေဖျက် အားကောင်းပြီး ဆီး၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေး ကောင်းမွန်စေကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )