ပွင့်ဖြူမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြ

ပွင့်ဖြူ      ဇူလိုင်      

 

မကွေတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရယာများကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ Kubota ခြောက်တန်းသွား ကောက်စိုက်စက် အသုံးပြု၍ စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းသီတာကုမ္ပဏီ (ဖူးပွင့်သမ အသင်း)ပိုင် ကွင်းအမှတ်(၉၀၉) လယ်မြေ ၁၈၀ ဧကရှိ စံပြကွက်၌ ကျင်းပခဲ့သည်။

 

အဆိုပါ ကောက်စက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးအောင်မွန်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဒေသခံ တောင်သူများ တက်ရောက်ကြပြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူးက လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မင်းဘူးခရိုင် စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးရဲမင်းထွဋ်က လယ်ယာသုံးစက်ကိရိယာများ၏ အသုံးဝင်မှုများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ပွင့်ဖြူမြို့၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက Kubota ခြောက်တန်း သွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြသရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ ကြည့်ရှုလေ့လာ ခဲ့ကြသည်။

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ မိုးစပါး စိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံ စေရန်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဲဇလီရေလွှဲ ဆည်ရေဖြင့် ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ် အိုင်းမဆည်ရေဖြင့်  ၂၆၅၆ ဧက၊ စလင်းမြို့နယ် လင်းဇင်းဆည်ရေဖြင့် ၁၁၆၁ ဧက၊ လျှပ်စစ်ရေတင် စနစ်ဖြင့် ၈၈၂ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၂၄၉၃ ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် ၁၁၇၂ ဧက၊ စုစုပေါင်း မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)