မန္တလေး ခရိုင်ခြောက်ခုတွင် မိုးနေကြာ မျိုးစေ့ထုတ် စိုက်ဧက ၁၉၀၀ ကျော် စိုက်ပျိုးထား

မန္တလေး      ဇူလိုင်      ၂

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်ခြောက်ခု၌ မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက ၁၉၀၀ ကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမျိုးစေ့ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်က ပြောပြသည်။ 

 

အဆိုပါ စိုက်ဧကများကို ခရိုင် ခြောက်ခုရှိ မြို့နယ် ၁၄ ခုတွင် မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧကများကို ပြည် ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် လျာထားဧက ၂၀၀၀ နှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လျာထားဧက ၄၀၀ စိုက်ဧကပေါင်း ၂၄၀၀ ကိုလျာထားပြီး မေလအတွင်းမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးပြီးစီးမှုမှာ ပြင်ဦးလွင်ခရိုင်တွင် ၃၅ ဧက၊ ကျောက်ဆည်ခရိုင်တွင် ဧက ၄၅၀၊ မိတ္ထီလာခရိုင်တွင် ၁၃၅ ဧက၊ မြင်းခြံခရိုင်တွင် ၇၇ ဒသမ ၅၀၊ ညောင်ဦးခရိုင်တွင် ဧက ၅၀၊ ရမည်းသင်းခရိုင်တွင် ဧက ၈၀၀ စုစုပေါင်းဧက ၁၅၄၇ ဒသမ ၅၀ နှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် စိုက်ပျိုးပြီးစီးမှုမှာ ကျောက်ဆည်ခရိုင်တွင် ဧက ၄၀၀ စုစုပေါင်း ဧက ၁၉၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧကများမှ ထွက်ရှိလာသည့် မျိုးများကို ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများကို မျိုးသန့်စိုက်ဧကများတိုးတက်ရေးအတွက် ပြန်လည်ဖြန့်ဖြူး ရောင်းချပေးသွား မည်ဖြစ်ပြီး ပိုလျှံမည့်မျိုးစေ့များကို တိုင်းဒေသကြီး၊ ပြည်နယ်များကို ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်သူအချင်းချင်း မျိုးဖလှယ်ခြင်းများလည်းရှိကြောင်း၊ နေကြာသက်တမ်းမှာ ၈၀ မှ ၈၅ ရက်ဖြစ်ကြောင်း၊ ပံ့ပိုးမှုအနေဖြင့် မိုးနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးသည့် တောင်သူများအား တစ်ဧကကို ယူရီးယားမြေ သြဇာ အိတ်ဝက်နှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပြီး ဌာနအနေဖြင့် နေကြာမျိုးစေ့ထုတ် ဧကများကို ပြည်ထောင်စုအစီအစဉ်နှင့် တိုင်းဒေသကြီး အစီအစဉ်တို့ဖြင့်လည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)