ဝေါမြို့နယ်၌ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ထောက်ပံ့

ဝေါ       ဇူလိုင်       ၂

 

၂၀၂၂ ခုနှစ် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ချို့တဲ့သော လက်လုပ်လက်စား အိမ်ထောင်စုများအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ် သမဝါယမအသင်းများ စုပေါင်း၍ ဆန်ထောက်ပံ့ပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလွင်က နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆန်ထောက်ပံ့လှူဒါန်း ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့ပေါ်(၅)ရပ်ကွက်ရှိ လက်လုပ်လက်စား အိမ်ထောင်စုများအတွက် ဝေါမြို့နယ် သမဝါယမအသင်းစု လီမိတက်နှင့် အခြေခံ သမဝါယမအသင်းများမှ ဆန်အိတ် ၂၀၊ ပြည်ဖြိုးအောင် ဈေးသမလီမိတက်မှ ဆန် ငါးအိတ်နှင့် စုမြတ်ရတနာ ငွေစုငွေချေးဈေးသမလီမိတက်မှ ဆန် ၁၀ အိတ် စုစုပေါင်းဆန် ၃၅ အိတ်အား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)