ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရမည့် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာ

ကျောက်ဆည် ဇူလိုင် ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံးမတီ စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။

 

ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငရုပ် စသည့် သီးနှံများစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့် သွင်းအားစုများ ပိုမိုသုံးစွဲရပြီး စိုက်ပျိုးရိတ်သိမ်းသည့်အခါ ဈေးကောင်းမရခဲ့ပါက တောင်သူများ အနေဖြင့် များစွာဆုံးရှုံးမှုရှိသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများ ပိုမိုစိုက်ပျိုးလာကြသည်။ ကန်စွန်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေဆီကောင်းမွန်စေရန်အတွက် ဦးစွာမြေပြုပြင်ပေးရပြီး သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေများအား သီးနှံမစိုက်ပျိုးခင် ဦးစွာထည့်ထားပေးရသည်။ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်ကောင်းမွန်စေရန်အတွက် မြေအမျိုးအစားအလိုက် မြေဘောင် အကြီး၊ အသေးများပြုလုပ်ပြီး လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အပင်များအား သင့်တော်သည့် အကွာအဝေးအနေဖြင့် တစ်ထွာ၊ တစ်မိုက်ခြားပြီး  စိုက်ပျိုးရသည်။

 

ကန်စွန်သီးနှံသည် တစ်ခါစိုက်ထားပါက တစ်နှစ်ပတ်လုံး ရိတ်သိမ်းရောင်းချရကြောင်း စိုက်ပျိုးပြီး (၄၅)ရက်တွင် ကန်စွန်းရွက်များကို စတင်ရိတ်သိမ်းရပြီး မိုးရာသီအခါ၌ (၁၀)ရက်ခြားတစ်ကြိမ်၊ နွေရာသီနှင့် ဆောင်းရာသီ အချိန်များတွင် (၁၅)ရက်ခြားတစ်ကြိမ် ရိတ်သိမ်းရောင်းချနိုင်ကြောင်း၊ လိုအပ်သည့်အချိန်များတွင် လိုအပ်သလို ရိတ်သိမ်းရောင်းချခြင်းများလည်း ပြုလုပ်နိုင်ကြောင်း၊ ကန်စွန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျှားနီတံဆိပ်မျိုး အထုပ်(၆၀)သုံးစွဲရပြီး မျိုးတစ်ထုပ်လျှင် ငွေကျပ်(၇၈၀၀)ကျပ်ပေးရကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သဖြင့် ကုန်ကျငွေအနေဖြင့် (၇)သိန်းသုံးသောင်းကျပ်ခန့်ရှိကြောင်းနှင့် အကျိုးအမြတ်အနေဖြင့် မြေဆီကောင်းမွန်မှုနှင့် အပင်ပြုစုအပေါ်မူတည်၍ ငွေကျပ်သိန်း(၂၀)မှ ငွေကျပ်သိန်း (၅၀)ကျော်အထိ ရရှိကြောင်း ကန်စွန်းစိုက်ပျိုး ရောင်းချလျက်ရှိသည့် တောင်သူ ဦးလှဌေးက ပြောပြသည်။

 

သက်မောင်