MNL ပွဲစဉ် (၆) လက်ကျန်နှစ်ပွဲ ကျင်းပမည်

သြဂုတ် ၂


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) လက်ကျန်ပွဲများကို သြဂုတ် ၃၊ ၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ပွဲစဉ် (၆) ကို ဇူလိုင် ၃၀ ရက်မှစ၍ ကျင်းပလျက်ရှိပြီး သုံးပွဲကျင်းပပြီးဖြစ်သောကြောင့် လက်ကျန်ပွဲများအဖြစ် သြဂုတ် ၃ ရက် (ယနေ့) တွင် မဟာယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ သြဂုတ် ၄ ရက်တွင် မြဝတီအသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းနှစ်ပွဲစလုံးကို ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ကျင်းပပြီးစီးသွားသည့် သုံးပွဲတွင် ဧရာဝတီအသင်းက GFA အသင်းကို လေးဂိုး-နှစ်ဂိုး၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အားကာသိပ္ပံနှင့် ရန်ကုန်အသင်း ဂိုးမရှိသရေကျခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် ဒုတိယမြောက်နိုင်ပွဲအတွက် ကြိုးပမ်းရမည်ဖြစ်သလို ရတနာပုံအသင်းကလည်း ဇယားထိပ်ပိုင်းမှအသင်းများကို ဆက်လက်ဖိအားပေးနိုင်ရန် ယခုပွဲတွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။ မဟာယူနိုက်တက်အသင်းက ငါးပွဲကစား သုံးမှတ်၊ ရတနာပုံအသင်းက ငါးပွဲကစား ခုနစ်မှတ်ရရှိထားသည်။ မြဝတီနှင့် ဟံသာဝတီတို့ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ပွဲကောင်းဖြစ်လာနိုင်ပြီး ဟံသာဝတီအသင်းအနေဖြင့် နိုင်ပွဲရယူနိုင်ပါက အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းလာနိုင်မည်ဖြစ်သည်။ မြဝတီအသင်းမှာလည်း အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နိုင်ရန် ယခုပွဲတွင် နိုင်ပွဲရယူနိုင်ရန် လိုအပ်နေသည်။ မြဝတီအသင်းသည် ငါးပွဲကစား ကိုးမှတ်၊ ဟံသာဝတီအသင်းက ငါးပွဲကစား ခုနစ်မှတ် ရရှိထားသည်။

သြဂုတ် ၁ ရက်ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိပြီး ဧရာဝတီနှင့် ရန်ကုန်အသင်းက ရမှတ် ၁၃ မှတ်စီဖြင့် နောက်မှလိုက်နေသည်။

သတင်း-ကိုညီလေး