အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်း အရေးနိမ့်

၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်ပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လွဲချော်ခဲ့ရပြီး တတိယနေရာလုပွဲသာ ကစားရတော့မည်ဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် မေဦးခင် (ဂိုး)၊ မေသက်မွန်မြင့်၊ ကြယ်စင်၊ ဖြူဖွေး၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ နှင်းပွင့်အေး၊ ဟေမာန်စိုး၊ နန်းချိုမွှေး၊ ဆုမြတ်နိုးနှင့် ဇင်မိုးပြည့်တို့ ပါဝင်ခဲ့ပြီး အမာခံကစားသမားအချို့ ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ဗီယက်နမ်တိုက်စစ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သလို ဂိုးရရှိရန်အတွက် တိုက်စစ်ကစားခဲ့သည်။ သို့သော် တိုက်စစ်ပုံဖော်ရာတွင် အမှားများခဲ့သဖြင့် ထင်သလောက်ထိရောက်မှုမရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးအထိပေးခဲ့ရသဖြင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် ဂိုးများကို ၂၇ မိနစ်တွင် ဒိုသီအန်မိုင်၊ ၅၈ မိနစ်တွင် ငိုမင်ချူယင်၊ ၆၄ မိနစ်တွင် ထရန်နတ်လန်၊ ၉၀+၁ မိနစ်တွင် လူဟောင်ဗင်တို့က သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၁ မိနစ်တွင် ဝေဖူးအိမ်က သွင်းယူခဲ့သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-AFF