အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင်                                   မြန်မာတက္ကသိုလ် ဝူရှူးအားကစားမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားမှ ကြေးတံဆိပ်ဆုရရှိ

နေပြည်တော် ဩဂုတ် ၄

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ် ဆုရရှိသည်။ 

ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ်(၄)မျိုးကျင်းပခဲ့ပြီး ပွဲစဉ် ၄ ဖြစ်သည့် အမျိုးသမီး ထိုက်ချိချွမ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် (၉.၆၅) ဖြင့် ပထမဆုရွှေတံဆိပ်ကို ရရှိသည်။ မလေးရှားနိုင်ငံမှ ဒုတိယဆု ငွေတံဆိပ်ကို ရရှိပြီး အင်ဒိုနီးရှားနိုင်ငံမှ တတိယဆု ကြေးတံဆိပ်ကိုရရှိသည်။ 
မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို စတင်ရယူ ပေးသည့် မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာ ရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစား အဖွဲ့အနေဖြင့် ဝူရှူး အားကစားနည်း (၄)မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ဒေသ စံတော်ချိန် ညနေ၃နာရီတွင် အူဘွန်းရာချဌာနီရဂျာဟက်တက္ကသိုလ် (Ubon Rachathani Rajabhat University) UBRU Happiness Stadiumကွင်း၌ မြန်မာတက္ကသိုလ်ဘောလုံး အသင်းနှင့် လာအိုတက္ကသိုလ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ ပွဲပြီးဆုံးချိန်ထိ ဂိုးမရှိသရေရလဒ်ဖြစ်သဖြင့် ပင်နယ်တီအဆုံးအဖြတ်ကန်ကြရာ မြန်မာ တက္ကသိုလ်အသင်းက ပင်နယ်တီအနိုင်ဂိုးများကို မောင်ခိုင်ရဲဝင်း၊ မောင်ညီညီ၊ မောင်သန်း မြတ်စိုးနှင့် မောင်စိုးသူရတို့ကသွင်းယူခဲ့ကြပြီး ၄ ဂိုး ၃ ဂိုးဖြင့် တတိယဆု ကြေးတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)