အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် မြန်မာနှင့် မလေးရှား ယနေ့ကစားမည်

အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ဂ) ပွဲစဉ်များကို သြဂုတ် ၅ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယခုပွဲမှာ မြန်မာအသင်းရော မလေးရှားအသင်းအတွက်ပါ အရေးပါသည့်ပွဲဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။ အုပ်စုပထမပွဲတွင် မြန်မာအသင်းက သြစတြေးလျကို သုံးဂိုး-နှစ်ဂိုး၊ မလေးရှားအသင်းက ကမ္ဘောဒီးယားကို သုံးဂိုးပြတ် အနိုင်ရထားခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ဒုတိယနေရာအသင်းများတွင် တစ်သင်းသာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် အုပ်စုပထမနေရာရမှသာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် သေချာမည်ဖြစ်သောကြောင့် ပွဲတိုင်းအရေးပါနေသည်။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် မလေးရှားကို အနိုင်ကစားနိုင်ရန် လိုအပ်နေပြီး သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပါက ခက်ခဲသွားနိုင်ဖွယ်ရှိနေသည်။

အုပ်စု (ဂ) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် သြစတြေးလျနှင့် ကမ္ဘောဒီးယား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာနှင့် မလေးရှား ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF