တောင်ကိုရီးယားနိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် လူငါးဦးသေဆုံး၊ ၃၇ ဦး ဒဏ်ရာရ

ဩဂုတ် ၅

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာ အင်ချွန်းမြို့တွင် ဆေးရုံမီးလောင်မှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး အခြား ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့သတင်းဖော်ပြထားသည်။

 

အဆိုပါဆေးရုံသည် လေးထပ်အဆောက်အဦဖြစ်ပြီး ဒေသစံတော်ချိန်မနက် ၁၀ နာရီ ၁၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ထိုလေးထပ်အဆောက်အဦတွင် ပထမထပ်၌စားသောက်ဆိုင်များ၊ စတုတ္ထထပ်တွင် ကျောက်ကပ်ဝေဒနာရှင်များ ထားရှိသည်ဟု သိရသည်။

 

ဆေးရုံတွင် လူနာ ၃၃ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးရှိသည့်အနက် ငါးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူငါးဦးအနက် သူနာပြုတစ်ဦး၊ လူနာသုံးဦးတို့ဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရှိရသေးချေ။

 

မီးသတ်သမား ၅၁ ဦး၊ မီးသတ်ကား ၂၁ စီးဖြင့် မနက် ၁၁ နာရီ ၂၉ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို