အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝူရှူး အားကစားတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုထပ်မံဆွတ်ခူး

နေပြည်တော် ဩဂုတ် ၅

 

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချ ဌာနီမြို့တွင် ကျင်းပလျက်ရှိရာ  ယနေ့နံနက် ၁၀ နာရီက Sunee Tower ၌ ကျင်းပသည့် ဝူရှူး အားကစားပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များတွင် မြန်မာဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် က ငွေတံဆိပ်ဆုနှင့် မောင်ခန့်မင်းထက်က ကြေးတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိသည်။ 

 

ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ် ၄ မျိုးကျင်းပခဲ့ပြီး ပွဲစဉ်(၂)ဖြစ်သည့် အမျိုးသမီး နန်းချွမ် (Nanquan) ပြိုင်ပွဲ၌  ဒဂုံတက္ကသိုလ် ကျောင်းသူ မအေးသစ္စာမြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် (၉ ဒသမ ၅၂)ဖြင့် ဒုတိယငွေတံဆိပ်ဆုကို ရရှိကာ ပွဲစဉ်(၄)ဖြစ်သည့် အမျိုးသား ထိုက်ချိချွမ် (Taijiquan)ပြိုင်ပွဲတွင် ကျောက်ဆည် တက္ကသိုလ် ကျောင်းသားမောင်ခန့်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ်(၉ ဒသမ ၄၁)ဖြင့် တတိယ ကြေးတံဆိပ်ဆုကိုရရှိပြီး မြန်မာ ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူးအားကစားနည်း (၂)မျိုးကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

 

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့ အနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်း ၄ မျိုးတွင် ပါဝင် ယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့က ဆွတ်ခူးရရှိသော ဝူရှူးအားကစား နည်းမှ ‌ရွှေတံဆိပ်တစ်ခု၊ ဘောလုံးအားကစားပြိုင်ပွဲမှ ကြေးတံဆိပ် တစ်ခုအပါအဝင် ယနေ့အထိ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် ၂ ခုကို ရရှိပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)