ကလောဘူတာ၌ သမိုင်းအမွေအနှစ် မီးရထားစက်ခေါင်းနှင့် လူစီးတွဲ တစ်တွဲ ရောက်ရှိပြသ

ကလော   ဩဂုတ်     ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သမိုင်းအမွေအနှစ် တစ်ခုဖြစ်သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ကလောဘူတာ အဆောက်အအုံ၌ ဩဂုတ် ၆ ရက်တွင် ခရီးသွားပြည်သူများ လေ့လာနိုင်ရန် သမိုင်းဝင် မီးရထား စက်ခေါင်းနှင့် လူစီးတွဲ တစ်တွဲကို ပြသထားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းမီးရထားစက်ခေါင်းနှင့် လူစီးတွဲအား သာစည်မြို့နယ်မှ ဩဂုတ် ၅ ရက် နံနက် ၈ နာရီက သယ်ဆောင်လာရာ ကလောဘူတာသို့ ညနေ ၅ နာရီခန့်က ရောက်ရှိခဲ့သည်။ အဆိုပါ မီးရထားစက်ခေါင်းသည် ဘွိုင်လာဖိအား ပေါင် ၁၈၀၊ ဆလင်ဒါအချင်း ၁၅လက်မ၊ Stroke ၂၂ လက်မ၊ ကျောက်မီးသွေး ဝင်ဆံ့နိုင်မှု ပမာဏ ၃ တန်၊ ရေဝင်ဆံ့နိုင်မှုပမာဏ ဂါလန် ၁၅၅၀၊ စက်ခေါင်းအလျား ၃၆ ပေ ၁ လက်မခွဲ၊ စက်အလေးချိန် (ကျောက်မီးသွေးနှင့် ရေအပြည့်) ၅၅ ဒသမ ၇ တန်၊ စက်ခေါင်းအလေးချိန် ၄၂ ဒသမ ၆ တန်ရှိပြီး အင်္ဂလန်နိုင်ငံ Robert Stephenson & Hawthorns Ltd. ကုမ္ပဏီက ၁၉၄၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းစက်ခေါင်းအား တွဲရွေ့တွဲပြောင်းရာတွင်အသုံးပြုခဲ့သည်ဟု သိရသည်။

 

အဆိုပါ သမိုင်းဝင် လူစီးတွဲကိုမူ မြန်မာနိုင်ငံရှိ မြစ်ငယ်မြို့နယ် လူစီးတွဲနှင့် ကုန်တွဲစက်ရုံက ၁၉၅၅ ခုနှစ်က ထုတ်လုပ်အသုံးပြုခဲ့သည်။ ယင်းလူစီးတွဲ အသုံးပြုသည့် ဘိုဂီအမျိုးအစားမှာ 4Wheeler၊ တွဲလွတ်အလေးချိန် ၉ တန်၊ တွဲအလျား၂၂ ပေ၊ တွဲအကျယ် ၈ ပေ ၂ လက်မ၊ တွဲအမြင့် ၁၀ ပေ ၁၀ လက်မရှိသည်။ ၎င်းသမိုင်းဝင် မီးရထားစက်ခေါင်းနှင့် လူစီးတွဲများအား ကလောဘူတာ၏ လက်ယာဘက်တွင် ပြသထားမည်ဖြစ်ကြောင်းနှင့် နယ်မြေဗဟုသုတ ရှာမှီးလိုသူများအတွက် အပျော်စီး လူ ၂၀ ဆံ့ ရထားတွဲကိုလည်း ကလော - မြင်းဒိုက် - အောင်ပန်းဘူတာအထိ မကြာမီ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ကလောဘူတာ ရုံပိုင်ကြီးထံမှ သိရှိရသည်။

အေးခိုင်(ကလော)