မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား       သြဂုတ်       ၆

 

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို သြဂုတ် ၅ ရက် ညနေပိုင်းက တက္ကသိုလ် ဘောလုံးကွင်း၌ ပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေး ခဲ့ကြသည်။

 

ရှေးဦးစွာ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့် ဘူမိအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ကျောင်းသူများက ကြည့်ရှုအားပေးကြပြီး သမိုင်းအသင်းက ဘူမိအသင်းအား လေးဂိုး သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို တဝန်ရှိသူများက အမျိုးသား အမျိုးသမီးအသင်းများမှ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် တတိယ၊ ဒုတိယ ဆုရအသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းနှင့် ဒိုင်းဆုကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ရရှိသည့် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းနှင့် ဒိုင်းဆုတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)