တရားမဝင် စားသုံးဆီ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ သြဂုတ် ၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိဘဲ တင်သွင်းလာသော မော်တော်ယာဉ် ခုနစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄,၆၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဩဂုတ် ၅ ရက်နှင့် ၆ ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဩဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Ceiling Board များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၇၆,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော နောက်တွဲယာဉ်ပါ Nissan Diesel Tractor Head အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် မော်တော်ယာဉ်တစ်စီးပေါ်မှ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက် ဟင်းချက်ဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Sunlong အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင်မော်တော်ယာဉ် တစ်စီးပေါ်မှ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက် ဟင်းချက်ဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Anhui Ankai အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅,၆၇၆,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဩဂုတ် ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကဝမြို့နယ်၊ သပြေကန်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၆/၃) နှင့်(၆/၄) ကြား၌ လိုင်စင်မဲ့ TOYOTA PROBOX SUCCEED အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀,၂၇၆,၀၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

 

သတင်းစဉ်