ရန်ကုန်အရှေ့ပိုင်းခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန် ဩဂုတ် ၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေး ဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အမှာစကားပြောကြားသည်၊၊

 

ထို့နောက် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးထူးလွင်၊ အက အကဲဖြတ်ပညာရှင် ဦးအောင်တင်ဝင်း၊ အဆိုအကဲဖြတ် ပညာရှင် ဦးတင်ဦးလေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် တေးသံရှင် မြတ်သူဇာက ပဥ္စသိင်္ခတေးသီးချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း၊ နိုင်ငံတော် ရွှေတံဆိပ် ၁၉ ဆုရှင် ရုပ်သေးပညာရှင် ဦးစိန်အေးမြင့်က ရုပ်သေး (မင်းသား၊ ဇော်ဂျီ) အကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ မဟာရန်ကုန် အောင်စည်မိုးက ဆိုင်းလက်စွမ်းပြ တီးခတ်ဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အလိုက် သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကြသည်၊၊

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃နာရီတွင် မြတ်ပညာခန်းမ၌ ကျင်းပရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ဝါသနာရှင် ပထမတန်း အဆင့်၊ ဝါသနာရှင် ဒုတိယတန်း အဆင့်၊ ဘာသာရပ်အလိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက ဆုများချီးမြှင့်ပေးအပ်ကြပြီး ဆုရရှိသူများ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်၊၊

 

ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ဘာသာရပ်အလိုက် အကဲဖြတ် အမှတ်ပေးကြသည့် ဒိုင်အဖွဲ့များအား အမှတ်တရလက်ဆောင် ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်၊၊

 

ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲဝင် မြို့နယ် (၁၄) မြို့နယ် ရှိသည့်အနက် ဆုတံဆိပ်အများ ဆုံးရရှိသော မြောက်ဥက္ကလာပ မြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်သည်၊၊

 

ရန်ကုန်အရှေ့ပိုင်းခရိုင် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ရန်ကင်းဒီဂရီ ကောလိပ်နှင့် သင်္ဃန်းကျွန်း ဒီဂရီကောလိပ်တို့တွင် နှစ်နေရာခွဲ၍ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ရာ အဆို ပြိုင်ပွဲတွင် (၇၉) ဦး၊ အကပြိုင်ပွဲတွင် (၁၇) ဦး၊ အရေးပြိုင်ပွဲတွင် (၁၃) ဦးနှင့် အတီးပြိုင်ပွဲ တွင် (၆၆) ဦး စုစုပေါင်း ၁၇၅ ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်