ရန်ကုန်၊ ဩဂုတ် ၈
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၁၄)ခု၊ ငွေတံဆိပ် (၁၂)ခု၊ ကြေးတံဆိပ် (၁၇)ခု၊ နိုင်ငံအလိုက်အဆင့် (၆) ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့သည် ယနေ့ နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါ အားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားသမားများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်နှင့် တာ၀န်ရှိသူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု၊ မသန်စွမ်းဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ အလေးမ အားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ် (၄၃)ခုရရှိပြီး မသန်စွမ်း ဘော်လီဘောနှင့် မျက်မမြင် ဂိုးလ်ဘောအားကစားတွင် ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်