၂၀၂၂ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ် မြန်မာနှင့် အိမ်ရှင်အင်ဒိုနီးရှား ကစားမည်

အင်ဒိုနီးရှားနိုင်ငံ ယိုဂျကာတာမြို့၌ ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၀ ရက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ် ၉ ရက်ကပြုလုပ်ရာ မြန်မာအသင်းအပါအဝင် အိမ်ရှင်အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးက  “ ပထမဦးစွာ ဆီမီးဖိုင်နယ်ရောက် အသင်းအားလုံးကို ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။ အားလုံးက အသင်းကောင်းတွေပါ။ ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်။ အင်ဒိုနီးရှားက အိမ်ရှင်ဖြစ်နေတဲ့အပြင် အသင်းကောင်းတစ်သင်းပါ။ ကျွန်တော့်အနေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။ အုပ်စုပွဲပြီးနောက် နားချိန်တစ်ရက်ပဲရပေမဲ့ ကစားသမားတွေကို ကောင်းကောင်းအနားပေးထားလို့ ကိစ္စမရှိပါဘူး။ ပရိသတ်အများကြီးရှေ့မှာ ကစားရမှာကတော့ ကျွန်တော့်ကစားသမားတွေအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဖိအားကတော့ အိမ်ရှင်ဘက်မှာသာ ရှိနေပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပရေး၏ ဆုံးဖြတ်ချက်အရ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မိနစ် ၉၀ အတွင်း သရေကျနေပါက အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

 မြန်မာအသင်းသည် အုပ်စုပွဲများတွင် ရှုံးပွဲမရှိဘဲ အုပ်စုပထမဖြင့် တက်ရောက်လာခြင်းဖြစ်ပြီး သြစတြေးလျကို သုံးဂိုး-နှစ်ဂိုး၊ ကမ္ဘောဒီးယားကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ မလေးရှားအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာအသင်းနှင့် တွေ့ဆုံနေသည့် အင်ဒိုနီးရှားအသင်းမှာမူ အုပ်စုပွဲများတွင် ပွဲတိုင်းအနိုင်ရလာသည့်အသင်းဖြစ်ပြီး ဖိလစ်ပိုင်ကို နှစ်ဂိုးပြတ်၊ စင်ကာပုူကို ကိုးဂိုးပြတ်၊ ဗီယက်နမ်ကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် ကစားပုံကောင်းမွန်သည့်အပြင် အိမ်ရှင်အသင်းလည်းဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF