ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၅၂ ဦး သေဆုံး

ဩဂုတ် ၁၅

 

ဆူဒန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လူ ၅၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၅ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါသေဆုံးသူများတွင် ဆူဒန်နိုင်ငံအလယ်ပိုင်း ကော်ဒိုဖန်ပြည်နယ်မြောက်ပိုင်း၌ သေဆုံးသူ ၁၉ ဦးပါဝင်ကြောင်း  အမျိုးသားအရပ်ဘက်ကာကွယ်ရေးကောင်စီက ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရာသီတွင် စိုက်ပျိုးမြေ ၂၁၉ ဟတ်တာ ရေလွှမ်းမိုးခြင်းခံရပြီး နေအိမ်  ၅၃၄၅ လုံးဖြိုချခြင်းခံရကာ ၂၈၆၂လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

 

ထိုကောင်စီ၏ပြောရေးဆိုခွင့်ရှိသူအာဘဒူလ်-ဂျာလီရာဟင်မ်က မြစ်များ သို့မဟုတ် ချောင်းများအနီးရှိ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ထားရန်နှင့် တရားဝင်ထုတ်ပြန်သည့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြရန် နိုင်ငံသားများအား တိုက်တွန်း ပြောကြားထားသည်။

 

ရွက်ဖျင်တဲများနှင့် ရေစုပ်စက်များပါဝင်သည့် ပစ္စည်းများတင်ဆောင်လာသော ယာဉ်တန်းများဖြင့် ဆူဒန်နိုင်ငံအနောက်ပိုင်းရှိ ရေဘေးသင့်ပြည်နယ်များသို့ ပေးပို့ခဲ့သည်ဟု ဆူဒန်အရပ်ဘက်ကာကွယ်ရေးရဲတပ်ဖွဲ့က ဆိုသည်။

 

အရှေ့ဘက်ရှိ အီသီယိုးပီးယားကုန်းပြင်မြင့်မှ တိမ်တောင်များရွေ့လျားလာသဖြင့် ယခုသီတင်းပတ်တွင် ဆူဒန်နိုင်ငံနေရာအနှံအပြား၌ မိုးပိုမိုသည်းထန်စွာရွာသွန်းနိုင်ကြောင်း ဒေသန္တရ မိုးလေဝသပညာရှင် အာဝပ်အီဘရာဟင်မ်က ပြည်သူများအား ကြိုတင်ကာကွယ်မှုလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

 

ဆူဒန်နိုင်ငံသည် ဇွန်လမှအောက်တိုဘာလအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု မကြာခဏ ကြုံတွေ့ရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို