ဗညားဦး
မော်လမြိုင်-ဇာသပြင်-အိန္ဒု-ကော့ကရိတ်-မြဝတီလမ်း(မော်လမြိုင်-ဇာသပြင်) အပိုင်းပေါ်တွင် ရှိသည့် ဂျိုင်း(ဇာသပြင်)တံတားတည်ဆောက်မှုသည် ၆ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် အတရံတံတား တည်ဆောက်မှုသည် ၃ ဒသမ ၅၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မွန်ပြည်နယ် တံတားဦးစီးဌာနမှ သိရသည်။
ပြည်တွင်း ပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျ
“ဒီတံတားသစ် နှစ်စင်းကို ကျွန်တော်တို့တံတား ဦးစီးဌာနအနေနဲ့ ဂျပန်နိုင်ငံရဲ့ သက်သာသော အတိုးနှုန်းချေးငွေနဲ့ တံတားဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီတံတားသစ် နှစ်စင်းရှိတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံ ရန်ကုန် သီလဝါ ရေနက်ဆိပ်ကမ်းမှ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့အထိ ခရီးပေါက်မှာ ဖြစ်ပါတယ်။ အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်မှာ ရှိတဲ့ ပြည်တွင်း ပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ တံတားတွေလို့ ပြောလို့ရပါတယ်” ဟု ပြည်နယ် တံတားဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝေဖြိုးက ပြောကြားသည်။
ဂျိုင်း(ဇာသပြင်)တံတားသစ်နှင့် အတရံတံတား သစ် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။
အာဆီယံနိုင်ငံများအကြား အဓိက ဆက်သွယ်သောလမ်းမကြီးဖြစ်
ဂျိုင်း(ဇာသပြင်)တံတားသစ်နှင့် အတရံတံတား သစ် စီမံကိန်းများသည် အရှေ့- အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိပြီး ယင်းလမ်းမ ကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများအကြား အဓိက ဆက်သွယ်သောလမ်းမကြီးဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကြောင့် ယာဉ်စီးရေများပြားလာခြင်းကို အဆင်ပြေစေရန်နှင့် တန် ၆၀ ကားများ ဖြတ်သန်း သွားလာနိုင်စေရန် အဓိကရည်ရွယ် တည်ဆောက် ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒေသက ကုန်စည်စီးဆင်းမှုများတယ်။ လက်ရှိတံတားတွေက အသုံးပြုတာများ တော့ ခံနိုင်ဝန် လျှော့ချထားတယ်။ ဒီတော့မြန်မြန် ဆန်ဆန် လွယ်လွယ်ကူကူ သုံးရအောင် တံတားသစ် တွေ အမြန်ပြီးစေချင်တာပေါ့။ တံတားသစ်ကြီးတွေ အသုံးပြုရတော့ ဒေသခံတွေအတွက် ကျွန်တော်တို့ လို ကုန်စည်ကူးသန်းရောင်းဝယ်ပြီး အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေအတွက် ပိုပြီး အဆင်ပြေတာပေါ့” ဟု ဒေသခံ ဦးညွန့်ဝေက ပြောပြ သည်။
တံတား၏ ခံနိုင်ဝန်ကို လျှော့ချ
လက်ရှိအသုံးပြုလျက်ရှိသည့် ဂျိုင်း(ဇာသပြင်)တံတားနှင့် အတရံတံတားတို့ကို ၁၉၉၆ ခုနှစ်တွင် တည်ဆောက်အသုံးပြုခဲ့ပြီး နေ့စဉ်ဖြတ်သန်းသွား လာသော ယာဉ်စီးရေများပြားလာခြင်းနှင့် ကုန်စည် များ ပိုမိုဖြတ်သန်းစီးဆင်းလာခြင်းတို့ကြောင့် ယခု အခါ တံတားနှစ်စင်း၏ ခံနိုင်ဝန်ကို ၁၃ တန်သာ လျှော့ချခွင့်ပြုထားသည်။
တည်ဆောက်ဆဲ တံတားနှစ်စင်းအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေး ထားသည့် ဂျိုင်း(ဇာသပြင်) တံတားသစ် တည်ဆောက်ရေးစီမံကိန်းသည် တံတားဟောင်း၏ ရေဆန်ဘက် (U/S) (၄၅ မီတာ) အကွာတွင် ကပ်လျက်တည်ရှိသည်။
လေးလမ်းသွား တံတားအမျိုးအစားဖြစ်
ဂျိုင်း(ဇာသပြင်) တံတားသစ်သည် တံတား အရှည် ၇၉၇ မီတာ၊ တံတားအကျယ် ၂၀ ဒသမ ၇ မီတာ ရှိသည်။ တံတားသည် လေးလမ်းသွား Cable Stayed တံတားအမျိုးအစားဖြစ်ပြီး ပင်မတံတား အပေါ်ထည်သည် သုံးခန်းတွဲ သံမဏိကြိုးဆိုင်း တံတားဖြစ်ကာ တံတားခွင့်ပြုတန်ချိန်အနေဖြင့် HL-93 Loading (AASHTO) ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်တန် ၆၀ ဖြစ်သည်။
“တည်ဆောက်ဆဲ နောက်တံတားတစ်စင်း ဖြစ်တဲ့ အတရံတံတားသစ် တည်ဆောက်ရေး စီမံကိန်းဟာ တံတားဟောင်းရဲ့ ရေစုန်ဘက် (D/S) (၃၅ မီတာ) အကွာမှာ ကပ်လျက်တည်ရှိပါသည်။ ပင်မတံတားအပါ်ထည်က သုံးခန်းတွဲ သံမဏိကြိုးဆိုင်းတံတား ဖြစ်ပြီးတော့ ချဉ်းကပ်တံတားကို T ပုံသဏ္ဌာန်ကြိုတင်သွန်းလောင်းကွန်ကရစ်ရက်မနဲ့ တည်ဆောက်ထားတဲ့ နှစ်ခန်းဆက် ကြိုတင် အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။ ဒီတံတားဟာ တံတားအကျယ် ၂၀ ဒသမ ၇ မီတာ၊ တံတားအရှည် ၄၈၀ မီတာ လေးလမ်းသွားတံတား ဖြစ်ပြီး တံတားခွင့်ပြုတန်ချိန် တန် ၆၀ ဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) က ပြောသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထား
အတရံတံတားသစ်တည်ဆောက်ရေး စီမံကိန်း သည် မွန်ပြည်နယ်တွင် တည်ရှိပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည်။
“လက်ရှိတည်ဆောက်ဆဲ တံတားနှစ်စင်းရဲ့ စီမံကိန်းကာလကို လျာထားကာလအတွင်း အချိန်မီ ပြီးစီးဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ တံတားနှစ်စင်းတည်ဆောက်မှုမှာ ကျန်ရှိတဲ့ လုပ်ငန်းတွေကတော့ Bored Pile တူးခြင်းလုပ်ငန်း၊ တံတားကိုယ်ထည် တည်ဆောက်ခြင်းလုပ်ငန်း၊ တံတားအပေါ်ထည် တည်ဆောက်ခြင်းလုပ်ငန်း၊ အပြီးသတ်လုပ်ငန်းတွေဆောင်ရွက်ခြင်းနဲ့ တံတား ဟောင်းဖျက်သိမ်းခြင်း လုပ်ငန်းစတာ တွေဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ကုန်စည်စီးဆင်းမှုအတွက် များစွာ အထောက်အပံ့ပြု
ဂျိုင်း(ဇာသပြင်)တံတားသစ်နှင့် အတရံတံတား သစ်စီမံကိန်းများသည် ပြီးစီးပါက ယင်းတံတား နှစ်စင်းကို ပြည်သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကာ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့မှ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ ဖြစ်စေ မည် ဖြစ်သည်။ ထို့ပြင် မော်လမြိုင်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး အထိသို့လည်းကောင်း ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်း ပြည်ပ ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်အတွက် များစွာ အထောက်အပံ့ပြုလျက်ရှိသည်။ ။