နေပြည်တော် စက်တင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီး အလိုက် ဆွေးနွေးမှုများကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်တို့သည် Russia -ASEAN Business Dialogue သို့ တက်ရောက်ခဲ့သည်။
အဆိုပါ Business Dialogue၌ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တို့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့ကို သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြ သည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် Eastern Economic Forum-2022 ၏ Medical Panel Session တွင် ပါဝင်တက်ရောက်၍ ကျန်းမာရေးစနစ်တွင် တွေ့ကြုံရသော အခက်အခဲများ၊ ထိုအခက်အခဲများ ကျော်ဖြတ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများ၊ တိုးတက်လာသော နည်းပညာများကိုသုံး၍ ရောဂါရှာဖွေရေး၊ ကင်ဆာ ရောဂါ များကုသရေး၊ ကူးစက်မြန်ရောဂါများ ထိန်းချုပ်ရေးနှင့် အဆိုပါနည်းပညာများ ဖွံ့ဖြိုးဆဲနိုင်ငံများကို မျှဝေနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် Eastern Economic Forum-2022 ၏ Strategic Technical Alliance တွင် ပါဝင် တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ အလွန်ကာလ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကိုလည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီရုပ်မြင်သံကြားတို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်