မိုင်းဖြတ်မြို့နယ်၌ ​ဒေသထွက် သခွားမွှေးသီးများ လှိုင်လှိုင်​ပေါ၍ ဈေးကောင်းရရှိ

 

မိုင်းဖြတ်၊ စက်တင်ဘာ ၁၄

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် သခွားမွှေး စိုက်တောင်သူများသည်  သီးနှံများ လှိုင်လှိုင်​ပေါပြီး ရင့်မှည့်ချိန် ရောက်ပြီဖြစ်၍ ဆွတ်ခူးရောင်းချရာတွင် ယခင်နှစ်ထက် ဈေးကောင်းရရှိကြောင်း သခွားမွှေးစိုက် တောင်သူတစ်ဦးထံက သိရသည်။

 

“ကျွန်မတို့က တောင်ယာစပါးစိုက်ပျိုးတော့ နှစ်တိုင်းသခွားမွှေး စိုက်ပါတယ်။ အရင်နှစ်ကတော့ ပုံမှန်အတိုင်း ရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း အလုံးအကြီးအသေးပေါ် မူတည်ပြီး ကျပ် (၅၀၀) ကနေ ကျပ် (၃၀၀၀) အထိတော့ ရပါတယ်။ ဒီနှစ်ကတော့ အလုံးအကြီး၊ အသေးအလိုက် ကျပ် (၁၀၀၀) ကနေ (၅၀၀၀) အထိရပါတယ်။ အခု ပြည်ထောင်စုလမ်းမကြီးဘေးမှာ လာရောင်းတာဆိုတော့ ခရီးသွားပြည်သူတွေက ဝယ်ယူအား​ပေး​တော့ ရောင်းကောင်းပါတယ်။ ရောင်းတာက အနီးနားတစ်ဝိုက် ကျေးရွာကနေ လာရောင်းကြတာပါ” ဟု ဆွပ်ပန်းကျေးရွာနေ ဒေါ်မာထုထံက သိရသည်။

 

mdn

 

မိုင်းဖြတ်မြို့နယ်တွင် သခွားမွှေးသီးကို တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် အာခါနှင့် လားဟူ တိုင်းရင်းသားများက အများဆုံးစိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးလေ့မရှိဘဲ တောင်ယာစပါးခင်းများအကြား သီးညှပ်အဖြစ် စိုက်ပျိုးကြသည်။ သီးနှံများ ရင့်မှည့်ချိန်များတွင် မြို့မဈေးသို့လည်းကောင်း၊ ပြည်ထောင်စုလမ်းမကြီးဘေး ဆိုင်​လေးများဖြင့်လည်းကောင်း ရောင်းချကြသည့်အတွက် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။ 

​​

သန်းထွန်း​အေး