ဂျပန်နိုင်ငံက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု စတင်

 

တိုကျို စက်တင်ဘာ ၂၁

 

ဂျပန်နိုင်ငံက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် ရည်ရွယ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ယနေ့ စတင်ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ငါးလအကြာက ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူခဲ့သည့် အသက် ၁၂ နှစ်နှင့်အထက်ပြည်သူများ အကျုံးဝင်သည်။

 

ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံမှု မခံယူရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများသည် ယခုကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်၏ ပထမဦးစားပေးစာရင်းတွင် ပါဝင်သည်။

 

တိုကျိုမြို့ရှိ မီနာတိုရပ်ကွက်၌ အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ လာရောက်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူလျက်ရှိကြောင်း သိရသည်။

 

အခြားသောမြို့များတွင်လည်း ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ကာကွယ်ဆေး ထိုးနှံမှုခံယူသူများအပေါ် မူတည်ပြီး အောက်တိုဘာလလယ်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

လက်ရှိအချိန်အထိ ပြည်သူတစ်ဦးလျှင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေး တစ်ကြိမ်ခန့်သာ ထိုးနှံရမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များကဆိုသည်။

 

ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည့် လက်မှတ်များကို အောက်တိုဘာလကုန်တွင် ဆေးထိုးနှံမှုခံယူသည့် ပြည်သူများအားပေးရန်  မြို့များအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

 

ဂျပန်နိုင်ငံသည် Pfizer နှင့် Moderna ဆေးဝါး ကုမ္ပဏီတို့မှ ထုတ်လုပ်သည့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်အတွက် ရည်ရွယ်ထုတ်လုပ်သည့် ကာကွယ်ဆေးကို အသုံးပြုလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးသည် ယခင်ကာကွယ်ဆေးများထက် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကို ပိုမိုမြင့်မားစွာ ကာကွယ်နိုင်စွမ်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။ 

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်