ဝါရှင်တန် စက်တင်ဘာ ၂၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် မိသားစုဝင်များအပါအဝင် Trump Organization ၏ မန်နေဂျာများအား မသမာသောနည်းလမ်းများဖြင့် ၎င်း၏ပိုင်ဆိုင်မှုများတိုးပွားစေရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲဆိုထားကြောင်း သိရသည်။
ထရမ့်အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ကျင့်ထုံးများကို နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း နယူးယောက်ပြည်နယ် ရှေ့နေချုပ် လီတီရှယ် ဂျိမ်းစ်က ပြောကြားသည်။
သမ္မတဟောင်းထရမ့်သည် ၎င်း၏အသားတင် ပိုင်ဆိုင်မှုငွေကြေးပမာဏကို အဆပေါင်းများစွာ တိုးတက်စေရန် မသမာသောနည်းလမ်းဖြင့် ကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်းကြောင့် တရားစွဲဆိုရခြင်းဖြစ် သည်ဟု လီတီရှယ် ဂျိမ်းစ်က ဆိုသည်။
ယင်းသို့လုပ်ဆောင်ရာတွင် ၎င်း၏သားသမီး သုံးယောက်နှင့် ထရမ့်အဖွဲ့အစည်းမှ ဝန်ထမ်းအကြီး အကဲများလည်း ပါဝင်ကြောင်း ဂျိမ်းစ်က ဆက်လက် ပြောကြားသည်။
ချေးငွေရယူရန်၊ အာမခံရရှိရန်နှင့် အခွန်သက်သာခွင့်များရရှိရန် ၎င်းတို့အတွက် လွယ်ကူမှု ရှိစေရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု လီတီရှယ် ဂျိမ်းစ် က တရားစွဲဆိုထားသည်။
ယင်းသို့လုပ်ဆောင်ခဲ့ခြင်းအတွက် ထရမ့် အနေဖြင့် ဒေါ်လာသန်း ၂၅၀ ဒဏ်ကြေးငွေပေးဆောင် ရမည်ဖြစ်ပြီး နယူးယောက်ပြည်နယ်အတွင်း မည်သည့်နေရာတွင်မဆို ထရမ့်၏မိသားစုသည် မည်သည့် စီးပွားရေးကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရန် လီတီရှယ် ဂျိမ်းစ်က ကြိုးပမ်းလျက်ရှိသည်။
အဆိုပါတရားစွဲဆိုမှုအပေါ် သမ္မတဟောင်း ထရမ့်က နိုင်ငံရေးအရ လှုံ့ဆော်ခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်