စက်တင်ဘာ ၂၇
ပါကစ္စတန်နိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေစဉ်ကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လျက်ရှိသည်။
နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၉၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ယမန်နေ့ညနေပိုင်းက ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။ ထိုပြည်နယ်၏မြို့တော်ကရာချိသည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးဒေသဖြစ်ပြီး ရောဂါဖြစ်ပွားသူဦးရေ ၃၃၀ ရှိသည်။
ထိုပြည်နယ်တွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၇၈၀ အထိ မြင့်တက်လာပြီး ယခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူပေါင်း ၈၃၄၉ ဦးရှိလာသည်။
နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၈ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးအာဏာပိုင်အဖွဲ့က ယမန်နေ့မနက်ပိုင်းက ပြောကြားသည်။
နိုင်ငံမြို့တော်အစ္စလာမာဘတ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၁ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့က ယမန်နေ့ညပိုင်းက ပြောကြားသည်။ ထိုမြို့တော်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူပေါင်း ၂၀၇၂ ဦးအထိ မြင့်တက်လာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို