နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးမှ နောင်ချိုဘက်သို့ မင်းနိုင် မောင်းနှင်လာသည့် Nissan UD ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင်အသုံးပြုသည့် အနံ့ဆေးရည် ၅၉ ဒသမ ၇ လီတာ၊ အရောင်မှုန့် ၁၃၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ညနေ ၃ နာရီခွဲက နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီး၊ လားရှိုး-မန္တလေးသွား ကားလမ်းဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ရဲမင်းနိုင်အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်