၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်အင်္ဂါအရည်အချင်းစိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်အင်္ဂါ အရည်အချင်းစိစစ်ရေး ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍  ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို “သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းချက်၊ အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၁၅)” ပါ ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်၍ နှစ်စဉ်ဆက်ကပ်ချီးမြှင့်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အဆိုပြုလျှောက်ထားမှုများမှ အဆင့်ဆင့်ရွေးချယ်ခဲ့ရာ ၂၀ ရာခိုင်နှုန်း ဆက်ကပ်လှူဒါန်းချီးမြှင့်နိုင်ခဲ့ပြီး အဂတိလေးပါးကင်းရှင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်နိုင်ရန် ပြည်တွင်းမှ အဆိုပြုလျှောက်ထားလာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့အား အမိန့်ကြော်ငြာစာအမှတ် ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဝိဝါဒါ ဓိကရုဏ်းမှုခင်း၊ အနုဝါဒါဓိ ကရုဏ်းမှုခင်းများ ကင်းရှင်းမှု ရှိ/ မရှိ၊ ကိုယ်ရေးနောက်ကြောင်း ကင်းရှင်းမှု ရှိ/မရှိ တို့ကို စိစစ်ပေးရန် ဖြစ်ကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် သာသနာ နုဂ္ဂဟဘွဲ့ လျှောက်ထားကြသည့် လူပုဂ္ဂိုလ်တို့မှ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်ငွေများ အကြေပေးသွင်းပြီးခြင်း ရှိ/မရှိ၊ အခြားပေးရန် ကြွေးကျန်များ ရှိ/မရှိ တို့ကို စိစစ်ပေးရန် ဖြစ်ကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် နိုင်ငံသားဖြစ်မှု အခြေအနေနှင့် သာသနာဝင်/ သာသနာနွယ်ဝင် စိစစ်ရေးကတ်၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မှုအခြေအနေတို့ကို စိစစ်ပေးရန် ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေး ဦးစီးဌာနအလိုက် အဆိုပြုလွှာ စိစစ်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်