နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ ပြိုင်ပွဲတွင် အလွတ်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အကအဖွဲ့များက ဟင်္သာတို့ရဲ့ ပျော်ရာမြေသီချင်း နောက်ခံဖြင့် လှပတင့်တယ် ကျက်သရေရှိလှသည့် မွန်တိုင်းရင်းသား ရိုးရာ ကကြိုး၊ ကကွက်များကို ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

 

အလားတူ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးရွှေကြိမ်းသည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းများဖြစ်သော တပင်ရွှေထီး၊ လှေပွဲနှင့် ကောင်းစားတော့မည် စသည့် တေးသီချင်းများအား ငြိမ့်ညောင်း သာယာ နားဝင်ပီယံ ရှိစေမည့်အပြင် နားဆင်သူများအဖို့ စိတ်အားထက်သန်စေမည့် အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။

 

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)ရှိ Plenary Hall ၌ မြန်မာအက အခြေခံကဗျာလွတ် (ပထမအဆင့်) အကပြိုင်ပွဲ များနှင့် News Briefing Room ၌ ဂီတာအတီးပြိုင်ပွဲများ ကို ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသ ပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမကို စိတ်ဝင်စားကြသည့် ဝါသနာရှင်များကလည်း တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်