တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်အုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၌ တရားမဝင် သစ်ခွဲသားမျိုးစုံ(၃ ဒသမ ၅၉၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁,၉၁၆)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ နိုဝင်ဘာလ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင်ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၃၇၇,၂၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မိုးညှင်းမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင် အစေ့ငယ်များ(၂,၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော MITSUBISHI FUSO အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်  ကျွန်းမှန်လည် ပြတင်းချပ်များ (၄ ဒသမ ၅၂၁၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၈၄,၄၅၄)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂွေးချောင်းလမ်းဆုံ၌ တရားမဝင် မအူသစ်ခွဲသား (၆ ဒသမ ၉၄၃၈)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆,၀၆၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍   နိုဝင်ဘာ  ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၆,၀၉၉,၆၃၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)