မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့် ဦးတီထွင်ခြင်း ဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကျင်းပ

 

 

နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်း ဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ Grand Aster Villa ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ပြီး  မြန်မာ နိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon နှင့်  မဲခေါင်ဒေသတွင်း နိုင်ငံများမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် Virtual စနစ်ဖြင့်တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မဲခေါင်မြစ်သည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံကို ဖြတ်သန်းစီးဆင်းနေသည့် နယ်နိမိတ်ဖြတ် မြစ်တစ်ခုဖြစ်၍ တောင်တရုတ်နှင့် အရှေ့တောင်အာရှဒေသကို ဆက်သွယ်ပေးသည့် အဓိကကုန်သွယ်မှု လမ်းကြောင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စေပြီး ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် များစွာအရေးပါကြောင်း၊ ယခုပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုခချမ်းသာကို မြှင့်တင်ပေးနိုင်ပြီး အတူတူမျှဝေခံစားနိုင်မည့် သာယာဝပြောသည့် အနာဂတ်အသိုက် အဝန်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

 

ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ယခင်ဆွေးနွေးပွဲများ၏ တုံ့ပြန်မှုနှင့် ရလဒ်များအပေါ်မူတည်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် E-Market Platform ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရေး အတွက် အသိပညာမျှဝေခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေ ဖြင့် E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက် လျက်ရှိပြီး အဆင်သင့် ဖြစ်သည့်အချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (၁၀၀) ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချခွင့်ရရှိမည်ဖြစ်၍  Digital Platform ကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ပိုမိုထည့်သွင်း ပြသရောင်းချနိုင်ရေးအတွက် ဆက်လက် စီမံဆောင်ရွက်သွား မည်ဖြစ်ပြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ မြှင့်တင်ရေးကိုလည်း အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုနှီးနှော ဖလှယ်ပွဲမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အကျိုးရှိ ထိရောက်သော အတတ်ပညာ၊ အသိပညာများရရှိမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက E-Market Place for Myanmar Products Platform အား စတင်အသုံးပြုကြောင်း ကြေညာပြီး ထုတ်ကုန် ပြခန်းများကို လှည့်လည် အားပေးကြည့်ရှုစစ်ဆေးသည်။

 

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်း ဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့်ထုတ်ကုန်ပြပွဲကို နိုဝင်ဘာ (၂၆)ရက်မှ  (၂၈)ရက်အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲတွင် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များမှ ၎င်းတို့ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာ၊ နည်းပညာရပ် များကို ဆွေးနွေးကြမည်ဖြစ်သည်။

 

မဲခေါင်-လန်ချန်းဒေသမှ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအကြား ဆွေးနွေးပွဲမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာကိစ္စရပ်များနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စရပ်များ သိမြင်လာစေရန်၊ တရုတ်နိုင်ငံအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်မိစေရန်၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အသိပညာဝေမျှနိုင်စေရန်၊ ဆန်းသစ် တီထွင်မှု အလေ့အထကောင်းများကို လူငယ်များကြား ပေါ်ပေါက်လာစေရန်၊ E-Market Place ကဲ့သို့သော နည်းပညာများအသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်ကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)