ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ ၂၆

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည်  ညွှန်ကြား ရေးမှူးချုပ်များ၊  ခရီးသွားအသင်းအဖွဲ့များ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ၏ ပရဝုဏ်များနှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

 ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ မြေယာရှုခင်းများ သန့်ရှင်းသာယာလှပရေး၊ ခရီးသွားဧည့်သည်များအား ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးမှာကြားပြီး အမရဟိုတယ် ခရီးသွားအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဟိုတယ်အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် အတွက် မြို့တော် အင်္ဂါရပ်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားကဏ္ဍများ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ယခင်ကတည်းကပင် ဟိုတယ်ဇုံများသတ်မှတ်အကောင်အထည် ဖော်ထားရှိခဲ့ရာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ကိုးဆယ့် ကိုးလုံးနှင့် အခန်းပေါင်း ခြောက်ထောင်ကျော် ရှိလာခဲ့ပြီဖြစ်ပါ ကြောင်း၊ ယနေ့အချိန်အခါတွင် နည်းပညာရပ်များတိုးတက်ထွန်းကားလာသည်နှင့်အညီ ခရီးသွား ဧည့်သည်များသည် ခရီးစဉ်ဒေသများသို့  လာရောက်လည်ပတ်ရာတွင် သွားလာမှုပုံစံမျိုးစုံဖြင့် လာရောက် ကြသောကြောင့် လုပ်ငန်းလုပ်ကိုင် သူများဘက်က ဈေးကွက်၏သဘောသဘာဝကို သိရှိ နားလည်ထားကြရန် လိုအပ်ပါကြောင်း။

 

အလားတူ ရှိနှင့်ပြီးသော မိမိတို့၏ ခရီးသွားထုတ်ကုန်များကိုလည်း တန်ဖိုးမြင့်ခရီးသွားထုတ်ကုန်များ အဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ကြရာတွင် ထုတ်ကုန်၏ တန်ဖိုးကိုသာ မြှင့်တင်ခြင်းမျိုးမဟုတ်ပဲ အရည်အသွေးကိုလည်း ဦးစားပေးမြှင့်တင်ခြင်းမျိုး လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအလေးထားပြီး ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာစေရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခွင့်ပြုခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာများ ခွင့်ပြုပေးခြင်း တို့ကြောင့် ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လျက်ရှိပါကြောင်း၊ ထို့ပြင် ရုရှားဈေး ကွက်ဖွံ့ဖြိုးလာရန် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအစီအစဉ်နှင့် ဧည့်စာရင်းတိုင်ကြား မှုစနစ်တို့ကို ထိထိရောက်ရောက် အသုံးပြုကြရန်လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် PARKROYAL ဟိုတယ်တွင် ဆောင်ရွက်ထားသော အော်ဂဲလ်နစ်စိုက်ခင်းများနှင့် PARKROYAL ဟိုတယ်နှင့် Horizon Lake View ဟိုတယ်များရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှု၍ ဟိုတယ်များ အနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် စနစ်တကျနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင် ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)