မွန်ပြည်နယ် ဒေသခရီးသွားလာရေးလုပ်ငန်း အခွင့်အလမ်းများ ကောင်းမွန်လာစေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိ

မော်လမြိုင် နိုဝင်ဘာ  ၂၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဘုရားသွား လမ်းမကြီးတစ်လျှောက် ကျေးရွာများတွင် အပန်းဖြေကမ်းခြေများစွာရှိသည့်အနက် ကဒတ်ထောက်ကျေးရွာမှ တစ်မိုင်ခန့် ကျိုက္ခမီ  -  စက်စဲ ခရီးစဉ်ဒေသနှင့် တစ်ဆက်တည်း သွားရောက်အပန်းဖြေ လေ့လာနိုင်သော သဘာဝကျောက်ပန်းချီ ကမ်းခြေကို ခရီးသွားလာရာ နေရာတစ်ခုအဖြစ် ဖော်ဆောင် လျက်ရှိသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကဒတ်ထောက်ကျေးရွာရှိ သဘာဝကျောက်ပန်းချီ ကမ်းခြေကို ၂၀၁၉ ခုနှစ်မှစတင်ကာ ဖော်ဆောင်ထားကြောင်း၊ စက်ဘီးနင်း ဝါသနာရှင်များအတွက် တစ်မိုင်ကျော်ခရီးစဉ်၊ တောတောင်သဘာဝ အလှပများနှင့် ငှက်များကို လာရောက်ကြည့်ရှုနိုင်ရန် တောင်တက်ခရီးစဉ်၊ ပင်လယ်အတွင်းရှိ သဘာဝအလှတရားများကို လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်းနှင့် အပန်းဖြေနိုင်မည့် ခရီးစဉ်များကို ဆောင်ရွက်ထားရှိကြောင်း၊  ပင်လယ်သဲသောင်ပြင်ကမ်းခြေ၊ သဘာဝကျောက်ဆောင် ကျောက်ခဲများနှင့် ကျောက်ပန်းချီ ခင်းကျင်းပြသမှုများအပြင် တောတောင် သဘာဝပေါက်ပင်များကို လေ့လာနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ ကမ်းခြေသို့ အပန်းဖြေလာရောက်သူများအတွက် လေကောင်းလေသန့် အပြည့်အဝရရှိစေရန်၊ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရန်နှင့် ကျောင်းသား/သူ လူငယ်လူရွယ်များ၊ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်အတွက် ဆောင်ရွက်ထားကြောင်း သဘာဝကျောက်ပန်းချီကမ်းခြေ ဖော်ဆောင်သူ  ဦးအောင်ကျော်မိုး၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့်လည်း  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လမ်းညွှန်မှုပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Barrier Free Tourism နှင့် ထင်ရှားသည့်ပွဲတော်များ၏ အခမ်းအနားများကို အကြောင်းပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲပြီး  စီမံချက်ပါအတိုင်း  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် သဘာဝကိုအခြေခံသည့် ခရီးသွားလာရန် နေရာများစွာရှိပြီး   ပြည်နယ်အတွင်း   ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ် - ၁၉ အလွန်ကာလအတွင်း ခရီးသွားလုပ်ငန်းများပြန်လည် ဦးမော့လာ‌ရေး၊ လက်ရှိခရီးသွားဒေသများကို ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ခရီးသွားလုပ်ငန်းတွင်  တာဝန် ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအား  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ  လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ သတ်မှတ်စ ည်းကမ်းချက်များနှင့်အညီ လိုင်စင်ထုတ်​ပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ရာ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သားငယ် (မုဒုံ)