သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီးအတွက် ရွှေဆိုင်းသင်္ကန်းများ ကပ်လှူ

နေပြည်တော် နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဘုရား(၁၆)ဌာန  သမိုင်းဝင် ဆံတော်ရှင်များ ကိန်းဝပ်စံပယ်တော်မူသော စေတီတော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ပြန်လည်တင်လှူ ပူဇော်နိုင်ရန်အတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပ ပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြကာ  သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရား တော်များ နာယူကြည်ညိုကြပြီး ရွှေဆိုင်းသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူကြကာ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့တွင် ရွှေဆိုင်းများ ကပ်လှူ ပူဇော်ကြသည်။

ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊  သမိုင်းဝင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို၍ မော်လမြိုင်မြို့၊ မြဆည်းဆာဘိုးဘွားများ ခိုလှုံရာရိပ်သာ၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တနရိန္ဒထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။
ထို့နောက် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ အပတ်စဉ် စတုဒိသာကျွေး မွေးနေမှုကို အားပေးကြည့်ရှုကြသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော်ခြင်းကို လာမည့် ၂၀၂၃ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် လည်းကောင်း၊ သထုံမြို့နယ်ရှိ အလံတစ်ရာ စေတီတော် ထီးတော် တင်လှူခြင်းကို တပို့တွဲလပြည့်နေ့တွင် လည်းကောင်း၊ သထုံရွှေစာရံစေတီတော် ထီးတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို တပေါင်း လပြည့်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်