၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း 

နေပြည်တော် နိုဝင်ဘာ ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်း ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးအသိဖြင့် ဝန်ကြီးဌာနများအားလုံး အင်ပြည့်အားပြည့် ပူးပေါင်းဆောင်ရွက် ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့  ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ အပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင် လှုပ်ရှားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက  လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ပတ်သက်သည့်ကိစ္စရပ်များကိုလည်းကောင်း၊  လူထုအားကစားနှင့် ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင် က ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှု အထိမ်းအမှတ်ပွဲများအပြင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးကိစ္စကိုလည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာန ကိုယ်စားလှယ်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်း အမှတ်စုပေါင်းလမ်း လျှောက်ပွဲကို လုံခြုံမှုအပြည့်ဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်