မြစိမ်းရောင်စီမံကိန်းဆိုင်ရာ အချက်အလက်များအား MIS စနစ်ဖြင့် ဖြည့်သွင်းနည်း သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၂၈ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း စီမံကိန်းဆိုင်ရာ အချက်အလက်များအား MIS စနစ်ဖြင့် ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

မြစိမ်းရောင်စီမံကိန်းကို ပြည်ထောင်စုနယ်မြေ-နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအားလုံးတွင် စီမံကိန်းကျေးရွာ (၁၂,၄၁၄)ယူနစ်၊ အကျိုးပြုကျေးရွာ(၁၄,၆၀၇) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းကျေးရွာများတွင် စိုက်ပျိုး ရေးလုပ်ငန်းများကို အိမ်ထောင်စု(၇၅၀,၀၃၆)စု၊ ငွေကျပ်(၂၈၄ ဒသမ ၀၃၃)ဘီလီယံ၊ မွေးမြူရေးလုပ်ငန်းများကို အိမ်ထောင်စု(၄၂၄,၆၅၄)စု၊ ငွေကျပ်(၁၂၆ ဒသမ ၁၅၆)ဘီလီယံနှင့် အခြားလုပ်ငန်းကို အိမ်ထောင်စု(၂၁၇,၂၅၉)စု၊ ငွေကျပ်(၇၁ ဒသမ ၁၅၆)ဘီလီယံ၊ စုစုပေါင်း အိမ်ထောင်စု (၁,၃၉၁,၉၄၉)စု၊ ငွေကျပ်(၄၈၁ ဒသမ ၃၄၅) ဘီလီယံဖြင့် ထုတ်ချေးလည်ပတ် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ အတိုးရငွေပေါင်းကျပ်(၂၃၀ ဒသမ ၀၂၂) ဘီလီယံ တိုးပွားလာခဲ့ပြီး တိုးပွားငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အတိုးရငွေမှ ငွေကျပ်(၂၆ ဒသမ ၄၁၃) ဘီလီယံ၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၃ ဒသမ ၅၀၄)ဘီလီယံ၊ စုစုပေါင်းငွေကျပ် (၃၉ ဒသမ ၉၁၇)ဘီလီယံဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၃,၆၄၇)ခု ဆောင်ရွက်ပြီးဖြစ်သည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုနှင့် မြို့နယ်(၁၉)မြို့နယ်မှ သင်တန်းသား/သူ (၂၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ  ၂၈ ရက်မှ ၃၀ ရက်အထိ (၃)ရက်ကြာမြင့်မည်ဖြစ်သည်။  သင်တန်းပြုလုပ်ခြင်းဖြင့် မြစိမ်းရောင်စီမံကိန်း သတင်းအချက်အလက်များအား Digital စနစ်ကို အခြေခံ၍ အချက်အလက်များကို အချိန်တို အတွင်း စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းတို့ပြု လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းဆိုင်ရာ အချက်အလက်များကို https://drdmis.com/msy/ သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

သတင်းစဉ်