ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ်အား ၂၂ မဂ္ဂါဝပ်ထွက်ရှိနိုင်သော ရေအားလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး မဂ္ဂါဝပ် ရာချီသောစက်ရုံများ တည်ဆောက်နိုင်ရန်အတွက်လည်း စတင်ဆောင်ရွက်လျက်ရှိ

ထားဝယ် နိုဝင်ဘာ ၂၈

ထားဝယ်ဒေသတွင် မကြာခင်ကာလအတွင်း လျှပ်စစ်ဓာတ်အား ၂၂ မဂ္ဂါဝပ်ထွက်ရှိနိုင် သော ရေအားလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း နှင့် မဂ္ဂါဝပ်အများဆုံး ရာချီသောစက်ရုံများ တည်ဆောက်နိုင်ရန်အတွက် စတင်ဆောင်ရွက် လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အသိပေးပြောကြား လိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေး(၁/၂၀၂၂)တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး MSME နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးတွင် အလို အပ်ဆုံးအရာသည် လျှပ်စစ်ဓာတ်အားဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာ စွာ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထားဝယ်နှင့် မြိတ်ဒေသများတွင် မဟာဓာတ် အားလိုင်းမှ လျှပ်စစ်မီးပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ မဟာဓာတ်အားလိုင်း ရရှိမည်ဆိုပါက တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးအတွင်း ရာဘာ/ဆီအုန်း အခြေခံများရှိပြီး လျှပ်စစ်ဓာတ်အား မလုံလောက်သောကြောင့် စားအုန်းဆီအနေဖြင့် ဒေသအတွင်း ဆီကြမ်းအဖြစ်သာ အများဆုံး ထွက်ရှိသည်ကို တွေ့ရကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိမည်ဆိုပါက ဆီချောစက်ရုံများ တည် ဆောက်လာနိုင်မည်ဖြစ်ပြီး ဒေသအတွင်း ဆီဖူလုံမှုများရှိလာနိုင်ကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တိုင်းဒေသကြီး MSME အေဂျင်စီ လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြကြောင်း  သိရသည်။

ယင်းအစည်းအဝေး အပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသင်တန်းကျောင်း (ထားဝယ်)သို့ သွားရောက်၍ ကျောင်းအတွင်းရှိ အဆောင်များ၌ နေရာထိုင်ခင်း၊ စားသောက်ခန်း၊ မီးဖိုဆောင်တို့ကို ကြည့်ရှု့စစ်ဆေးပြီး ကျောင်း၏လိုအပ် ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသင်တန်းကျောင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁)ရက်တွင် ဖွင့်လှစ်သွားမည်ကြောင်း  သိရသည်။

သတင်းစဉ်