ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၈

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်သည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မကွေးတိုင်းဒေသကြီး အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများ နှင့်တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။ 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက် လိုအပ် လျက်ရှိသော သွင်းအားစုများကို ၁ ရာခိုင်နှုန်း ဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများကို တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်အချိန်မီအတွင်း အချိန်မီ ရောက်ရှိအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ က ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခ (၁)ရာခိုင်နှုန်း ငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စနစ်တကျ စီမံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အမှန်တကယ် ဆောင်ရွက်ချင်စိတ်ရှိရန် အထွက်တိုးအောင်မြင်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုးစားပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး/မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအနေဖြင့် ဆောင်းပဲတီစိမ်းဧက (၄၀၀၀၀)ခန့်၊ နွေစပါးစိုက်ဧက(၅၀၀၀၀)ခန့် လျာထားဆောင်ရွက်နေပါကြောင်း၊ စီမံကိန်း အောင်မြင်ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည် ရရှိရေး ဆောင်ရွက်မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်းအောင်မြင်ရေးအတွက် မျိုး၊ သွင်းအားစု၊ ရေရရှိရေးအပါအဝင် တာဝန်ယူကြီးကြပ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြန်လည် ဆွေးနွေးသည်။ ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများ၊ ဒေသခံလုပ်ငန်းရှင်များနှင့် တောင်သူများ၏ မေးမြန်းချက်များကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံအပေါင်းသုံးအရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်-၃ အရ APTERR ကောင်စီ၏ အစီအစဉ်ဖြင့် အလှူရှင်နိုင်ငံများဖြစ်သော ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် ဆန်များအနက် မကွေးတိုင်းဒေသကြီးပြည်သူများ အတွက် ဆန်တန်ချိန် (၈၀၀) (၃၀ကီလိုအိတ် ၂၆၆၇ အိတ်)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်