ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ဘားအံ၌ ကျင်းပ 

ဘားအံ ဒီဇင်ဘာ ၃

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့၌ ဒီဇင်ဘာ ၃ ရက် နံနက် ၅ နာရီခွဲက ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူများ အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့မှစတင်၍ သီရိလမ်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းလမ်း၊ မြို့ပတ်လမ်း၊ မန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်းသို့ ဝင်ရောက်ကာ အကြောလျှော့လေ့ကျင်းခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း စုပေါင်းဆောင်ရွက်ပွဲသို့ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများ၊ ဘားအံပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား သင်တန်းသူများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၅၅၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း အားကစား လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)