ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

 

ဘားအံ ဒီဇင်ဘာ ၇

 

ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့်အညီ မကြာမီ ကာလအတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်၍ မဲစာရင်းမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် ဦးစီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ဒေသတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပရာတွင် တရားဥပဒေနှင့် မလွတ်ကင်းသည့် ကိစ္စရပ်များ ပါဝင်ခြင်းမရှိစေရန် စိစစ်ကြပ်မတ်စေလိုပြီး ဥပဒေကိုကျော်လွန် ဆောင်ရွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း၊ ဆန်စပါး၊ ပဲတီစိမ်း၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ အသား၊ ငါး၊ ဥ အစရှိသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကဏ္ဍများတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေများရယူ၍ အမှန်တကယ် လုပ်ကိုင်ခြင်းရှိ/မရှိ စိစစ် ကြပ်မတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့သက်ဆိုင်ရာ ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်မီးလင်းရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုလားချက်၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

mdn

 

တွေ့ဆုံပွဲအပြီးတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဝတ်စုံများ အမှတ်တရ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်