အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၂)

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ  ၇ ရက်  မြန်မာစံတော်ချိန် ၁၉:၀၀ နာရီထုတ်ပြန်ချက်

 

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အ နောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (CocoIsland)၏ အနောက်တောင်ဘက် ရေမိုင် (၅၇၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင် (၆၉၀) ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၀၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် ရေမိုင် (၃၇၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု(၉.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၁) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်သည်။

 

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ (၈.၁၂.၂၀၂၂) ရက်၌ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းလွန်-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေ) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

mdn

 

သတိပေးနှိုးဆော်ချက် 

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် ယနေ့ညမှ နောက် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၁) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၉) ပေခန့် ရှိနိုင်သည်။

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။

 

Credit>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန