သိန်းညွန့် PZL
မျက်မှောက်ကာလတွင် ကမ္ဘာ့ပင်လယ်ကမ်းရိုးတန်းများ တစ်လျှောက် ထိန်းသိမ်းမှုအားနည်းကာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေကြောင်း သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ရေးသားလျက်ရှိပါသည်။ မြန်မာနိုင်ငံ တွင်လည်း ရခိုင်ကမ်းရိုးတန်းတွင် ထိန်းကွပ်မှုအားနည်းသော ငါးဖမ်းလုပ်ငန်းများ၏ အကျိုးဆက်အဖြစ် ပျက်စီးမှု များဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါ၏။ ယင်းမှာ အဏ္ဏဝါပတ်ဝန်းကျင်ကို အခြေပြုထားသော ခရီးသွားလုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာခြင်း၏ နောက်ဆက်တွဲပင်ဖြစ်ပေသည်။
ခရီးသွားလုပ်ငန်းအများစုသည် တာဝန်ခံမှု အားနည်းခြင်း၊ ထိန်းချုပ်မှု လျော့ပါးလာခြင်းတို့ကြောင့် ရခိုင်ကမ်းရိုးတန်းရေပြင် တစ်လွှား သန္တာကျောက်တန်း ဂေဟစနစ်များ ပျက်စီးမှုဖြစ်ပေါ်လာကာ ယင်းပတ်ဝန်းကျင်၌ အခြေပြု ကျက်စားကြသော ငါးမျိုးစိတ်ကောင်ရေ လျော့နည်းလာခဲ့ကြောင်း သုတေသနပြုချက်များက ဖော်ပြနေသည်။
စင်စစ်မူ သန္တာကျောက်တန်းများသည် လူသားများအတွက် ပေါကြွယ်ဝလှသော ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထောက်ပံ့ပေးသည့်အပြင် အဏ္ဏဝါဂေဟစနစ် ကောင်းမွန်စေရန်အတွက်လည်း မြှင့်တင်ပေးလျက်ရှိသည်။ ထို့ပြင် လူသားများ၏ စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးစေရန်လည်းကောင်း၊ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်ရန် လည်းကောင်း၊ အဓိကကျသော သဘာဝတရားက ပေးစွမ်းထားသည့် အရင်းအမြစ်များပင် ဖြစ်ပေသည်။
ယင်းကဲ့သို့ လွန်စွာအရေးပါသော အဏ္ဏဝါအရင်းအမြစ်များအား ထိန်းချုပ်မှုကင်းမဲ့စွာအလွန်အကျွံ ထုတ်ယူ သုံးစွဲကြခြင်းကြောင့် ယခင်ကာလများက မကြုံခဲ့ဖူးသောနှုန်းဖြင့် ဆုံးရှုံးပျက်စီးကာ သန္တာ ကျောက်တန်းများ၏ ဂေဟစနစ်အပေါ် ထောက်ကူပေးနိုင်မှုမှာ စိုးရိမ်ဖွယ်ရာ လျော့နည်းကျဆင်း လာလျက်ရှိသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ရခိုင်ပြည်နယ် ဂွကျွန်းတွင် အဏ္ဏဝါကာကွယ်ရေပြင် ထူထောင်နိုင်ရန်အတွက် အချက်အလက်များကို ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။
အရေးပါသော ဂေဟစနစ်
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ဂွကျွန်း၏ ရေတိမ်ပိုင်းရေအနက် ရှစ်မီတာအောက်တွင် ရေငုပ်၍ သိပ္ပံနည်းကျလေ့လာခဲ့ရာ သန္တာကျောက်တန်းများဝန်းကျင် ငါးများအုပ်စုအလိုက် ဖွံ့ဖြိုးတိုးတက်မှု အနေအထားများ သာမက အရေးပါသော ဂေဟစနစ်ဆိုင်ရာ ခြားနားချက်များ၊ အခြေချ နေထိုင်ပေါက်ပွားရာနေရာများကိုပါ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း သိမှတ်ရသည်။ ဂွကျွန်းသည် အဏ္ဏဝါ ကာကွယ်ရေပြင် ဧရိယာထူထောင်ရန် အထူးသင့်လျော်သော နေရာ ဖြစ်သည့်အပြင် ဂွကျွန်း၏ အရှေ့တောင်ဘက် ဧရိယာသည် လှိုင်း၊ လေငြိမ်သောကြောင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်ကြောင်း သိရသည်။
သယံဇာတများ ပျက်စီးဆုံးရှုံး
သုတေသနပြုချက်များအရ ယင်းကျွန်းဝန်းကျင်တွင် ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့် သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးလာမှု လက္ခဏာများ တွေ့ရှိရသော်လည်း အချို့သော သန္တာကျောက်တန်းများသည် ပကတိအတိုင်းပင် တည်ရှိနေရာ ထိရောက်သော ထိန်းသိမ်း ကာကွယ်ရေးနည်းစနစ်များ လုပ်ဆောင်နိုင်မည်ဆိုပါက အနာဂတ် ကာလအတွက် အားရဖွယ်ရာ အနေအထားရှိလာနိုင်ကြောင်း သိရသည်။
အဏ္ဏဝါကာကွယ်ရေပြင် ထူထောင်ရာတွင် ရခိုင်ပြည်နယ် ဂွကျွန်းပတ်ဝန်းကျင်ရေပြင် တစ်လွှားတွင် ဇုန်အလိုက် ထိန်းသိမ်းကာကွယ် ခြင်းဖြင့် သန္တာကျောက်တန်းများ ပြန်လည် ကောင်းမွန်လာစေကာ ဇုန်အပြင်ဘက် ရေပြင်၌လည်း ငါးသယံဇာတများ ပိုမိုတိုးပွား နိုင်မည့် အလားအလာကောင်းများ ရှိလာနိုင်သည်။
ဂွကျွန်းပတ်ဝန်းကျင်တွင် အဏ္ဏဝါ ကာကွယ်ရေးဧရိယာအဖြစ် သတ်မှတ်နိုင်မည်ဆိုပါက သန္တာကျောက်တန်းများ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ထိရောက်သော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။