ပွင့်လင်းရာသီရောက်လာပြီ မီးဘေးကြိုတင်ပြင်ဆင်ကာကွယ်ပါ

 

 

မေယုမျိုးအောင် (MANA)

 

ဩစတြေးလျတွင် Black Summer ဟု အမည်ပေးထားသည့် တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုမှာ ထင်ရှားသည့်ဖြစ်ရပ်ဖြစ်သည်။ ၂၀၁၉ ဇွန်လမှ ၂၀၂၀ မေလအထိ တစ်နှစ်နီးပါးလောင်ခဲ့သော အဆိုပါတောမီးကြောင့် နို့တိုက်သတ္တဝါ  ၁၄၃ သန်း၊ တွားသွားသတ္တဝါ ၂၄၆ သန်း၊ ငှက်အကောင်ရေသန်း ၁၈၀ နှင့် ဖားအကောင်ရေ ၅၁ သန်းအထိ မီးလောင်သေဆုံးမှု သို့မဟုတ် စားကျက်မြေ စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနက ဖော်ပြခဲ့သည်။ ခေတ်သစ်သမိုင်းတစ်လျှောက်တွင် လူထောင်နှင့်ချီကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် တောမီးအန္တရာယ်လည်းဖြစ်သည်။

 

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိရာ တောမီး လောင်ကျွမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ တောမီးများသည် သဘာဝဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေပြီး စီးပွားရေးနှင့် လူမှုရေး ထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ ဇီဝမျိုးစုံမျိုးကွဲ များနှင့် မျိုးစိတ်များအတွက် ကျက်စားစရာနေရာ များ ဆုံးရှုံးခြင်း၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းနှင့် လူတို့၏ အသက်ဆုံးရှုံးခြင်း စသည့်ဆုံးရှုံးမှုများအပြင် နိုင်ငံ၏ လူမှုစီးပွားဘဝတစ်ခုလုံးကိုလည်း ထိခိုက် စေသည်။

 

တောမီးလောင်ခြင်း

 

မြန်မာနိုင်ငံတွင်လည်း သစ်တောများရှိရာ ဒေသအချို့၌ တောမီးများ လောင်ကျွမ်းလေ့ရှိသည်။ ခြောက်သွေ့ရာသီတွင် အရွက်ကြွေသော ရွက်ကြွေ တောသည် မြန်မာနိုင်ငံ၌ အဓိက တွေ့ရသော သစ်တောအမျိုးအစားဖြစ်ကာ တောမီးသည် ယင်းဒေသအချို့၌ ခြောက်သွေ့ရာသီဖြစ်သော ဒီဇင်ဘာလမှ မေလကြား အများဆုံးဖြစ်ပွားလေ့ ရှိသည်။ မြေလျှပ်မီးများသာဖြစ်၍ ကျယ်ပြန့်စွာ ကူးစက်နိုင်သော်လည်း ပြင်းထန်စွာလောင်ကျွမ်း လေ့မရှိပေ။

 

တောမီးလောင်ခြင်းသည် အဓိကအားဖြင့် သဘာဝနှင့် လူ့ပယောဂတို့ကြောင့်ဖြစ်သည်။ မိုးကြိုးပစ်ခြင်း၊ ဝါးပင်တစ်ပင်နှင့် တစ်ပင် ပွတ်တိုက် ခြင်း စသော သဘာဝအကြောင်းတစ်ခုခုကြောင့် ဖြစ်ပွားလေ့ရှိသော်လည်း အလွန်ဖြစ်ခဲသည့် ကိစ္စ ဖြစ်သည်။ အများစုမှာ တောင်ယာမီးရှို့ခြင်း၊ မီးရှို့ တောချောက်၍ အမဲလိုက်ခြင်း၊ တောတွင်း ဝင်ရောက်သူတို့ ဆေးလိပ်သောက်ခြင်း၊ ချက်ပြုတ် ခြင်း စသည်ဖြင့် မီးအသုံးပြုပြီး စနစ်တကျ ငြှိမ်းသတ်မှုမရှိခြင်း၊ သစ်စေးစုဆောင်းသူတို့က ပင်စည်များကို မီးမြှိုက်ခြင်း၊ မြက်နုထွက်စေရန် စားကျက်မီးရှို့ခြင်း စသောလူ့ပယောဂများကြောင့် တောမီးလောင်ကျွမ်းမှုက အဖြစ်ပိုများကြောင်း သိရ သည်။

 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

 

ပြည်သူလူထုအား မီးဘေးအပါအဝင် သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကို ဖွဲ့စည်းထားရာ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် စွမ်းရည်မြင့်မားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ယာဉ်များနှင့် စက်ပစ္စည်းများမှာလည်း ခေတ်နှင့်အညီ ကောင်းမွန်ပြည့်စုံရန် အထူးလိုအပ် သည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ယုံကြည်မှုအပြည့်၊ လုံခြုံမှုအပြည့်ဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက် ကြရမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်သည့် တပ်ဖွဲ့ဝင်များအပြင် နိုင်ငံတကာ အဆင့်မီ ခေတ်မီယာဉ်ယန္တရားများနှင့် ဆက်စပ် ပစ္စည်းကိရိယာများ ပိုင်ဆိုင်မှုသည် လွန်စွာအရေးပါ သည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်း မီးဘေးအပါအဝင် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရ နောက်ခံအခြေပြု ဥရောပသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှု ချေးငွေအစီအစဉ်ဖြင့် ယူရိုသန်း ၅ဝ တန်ဖိုးရှိ ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်ဆည်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

မီးကိုဂရုပြုသုံးစွဲသင့်

 

နှစ်စဉ် မီးလောင်မှုများကြောင့် မလိုလားအပ် သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးရမှု လျော့နည်းပြီး တဖြည်းဖြည်း ပပျောက်သွားစေရန် လူတိုင်း မီးကိုဂရုပြုသုံးစွဲသင့်သည်။ ရန်ကုန်မြို့တော် တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာရာ အထပ်မြင့်အဆောက်အအုံများတွင် လေဝင် လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်သင့်ကြောင်း သိရသည်။ မီးသတ်ဦးစီးဌာနသည် မီးဘေး အန္တရာယ်ကို ပြည်သူအများက ဂရုပြုလာစေရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်းကြောင်း တွေ့ရ သည်။

 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၁၁ ရက်အထိ မီးလောင်ကျွမ်းမှု ၂၀၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ၇၈ ဦး သေဆုံးကာ လူ ၆ဝဝဝ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်းနှင့် ကျပ်သန်းပေါင်း ၂၈၀၀ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု ၁၇၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၆၇ ဦးသေဆုံးကာ လူ ၁၈၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်သည် မီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုး ပိုမိုများပြားခဲ့သည့်နှစ်ဖြစ်သည်။

 

ဈေးကြီးများ၏ မီးလောင်မှု

 

မြန်မာနိုင်ငံတွင် လောင်ကျွမ်းခဲ့သော မီးဘေးများအနက် မြို့ကြီးများရှိ ဈေးကြီးများ၏ မီးလောင် မှုသည် သာမန်မီးလောင်မှုထက် ဆုံးရှုံးမှု ပိုများစေသည်။ ၂၀၁၆ ခုနှစ် နှစ်ဆန်းက ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ အဆင့်မြင့်မင်္ဂလာဈေး မီးလောင်မှု ကြောင့် စုစုပေါင်းဆုံးရှုံးမှု ခန်မှန်းတန်ဖိုး ကျပ်သိန်း ပေါင်း ၃၆၀၆၀၂ အထိ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မန္တလေးရတနာပုံ ဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျပ်သန်းပေါင်း ၂ဝဝဝ ကျော်ဖိုး ဆုံးရှုံးခဲ့ရသည်။

 

တာဝန်ရှိသူများအနေဖြင့် ဖြစ်ပွားခဲ့ပြီးသော မီးလောင်ဆုံးရှုံးမှုများကို နမူနာယူ၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဈေးကြီးအသီးသီးအတွက် မီးဘေး အန္တရာယ်လုံခြုံမှုကို မည်သို့မည်ပုံ ကြိုတင်ပြင်ဆင် ထားသနည်းဟူသည့်အချက်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် လသာမြို့နယ် လမ်းမတော်လမ်း ၁၂ ထပ်ခွဲ သံဈေးအဆောက်အအုံ မီးလောင်မှုတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏သမိုင်းတစ်လျှောက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို ဟန်ချက်ညီစွာ တစ်ပြိုင်တည်း ဆောင်ရွက် နိုင်ခဲ့သည်။ အဆိုပါ အဆောက်အအုံ မီးလောင်မှု၌ လူဦးရေအများဆုံး ၈၅ ဦးအထိ ဘေးအန္တရာယ် ကင်းရှင်းစွာ ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းမှာ စွမ်းဆောင်ရည်မြင့်မားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ယာဉ်များနှင့် စက်ပစ္စည်းကိရိယာ များ၏ အကျိုးကျေးဇူးပင်ဖြစ်သည်။

 

ဆုံးရှုံးမှုကြီးမားလေ့ရှိ

 

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပြကြီးများသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့် လူနေ အဆောက်အအုံများ၊ ဟိုတယ်နှင့် ဈေးကြီးများ၊ လူနေရပ်ကွက်အသစ်များ ပိုမိုများပြားလာသည်။ အိုးအိမ်အဆောက်အအုံများ နီးကပ်စွာ တည်ဆောက် လာခြင်း ၊ လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုများပြားခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ လောင်စာ များကို ရပ်ကွက်များအတွင်း တရားမဝင် သိုလှောင် ရောင်းချခြင်း၊ လမ်းများ ကျဉ်းမြောင်းမှုကြောင့် မီးသတ်ယာဉ်များ ဝင်/ ထွက် သွားလာရန် ခက်ခဲ ခြင်း၊ လမ်းကြားရှိ မီးတားကွက်များအပေါ် လူနေ အဆောက်အအုံများ ဆောက်လုပ်လာခြင်းနှင့် မီးငြှိမ်းသတ်ရန် ရေရရှိမှု အစီအမံများ အားနည်း နေခြင်းတို့ကြောင့် မီးလောင်မှုကို ပိုမိုဖြစ်ပွားလာပြီး ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုကြီးမားလေ့ရှိသည်။ မြန်မာနိုင်ငံသည် မီးလောင်မှု အကြိမ်ရေ နည်းသော် လည်း ဆုံးရှုံးမှုကြီးမားနေဆဲဖြစ်သည်။

 

အိမ်တိုင်းမှာ လျှပ်စစ်အသုံးပြု လူသုံးပစ္စည်းများကို အသုံးပြုလာလျက်ရှိရာ ပွင့်လင်းရာသီကဲ့သို့ ပူအိုက်သော ရာသီဥတုတွင် လျှပ်စစ်ပစ္စည်းများကို ပိုမိုအသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။ အချို့သော လျှပ်စစ်ပစ္စည်းများ၏ စံချိန်စံညွှန်း မပြည့်မီခြင်းနှင့် ဝိုင်ယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်နေခြင်း စသော အခြေအနေများက လျှပ်စစ်ဝိုင်ယာရှော့ခ် ကြောင့် မီးလောင်မှု ဖြစ်ပွားစေရန် ဖန်တီးပေးလျက် ရှိသည်ကို သတိပြုရန် လိုအပ်သည်။ ယင်းအပြင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများကြောင့် မကြာ ခဏဆိုသကဲ့သို့ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဝန်းအားမမျှတခြင်းနှင့် လျှပ်စစ်မီးသုံးစွဲစဉ် မီးပြတ် ရာမှ လျှပ်စစ်မီးခလုတ်များကို ပြန်လည်ပိတ်ရန် မေ့လျော့ခြင်း စသောအခြေအနေများကြောင့်လည်း မီးလောင်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။

 

ပေါ့ဆမှုကြောင့် မီးလောင်မှုအများဆုံးဖြစ်

 

ပွင့်လင်းရာသီကာလတွင် မီးလောင်မှုများမဖြစ် ပွားစေရေးနှင့် မီးပေါ့ဆမှုကြောင့် မိမိနေအိမ်နှင့် မိသားစုဝင်များသာမက အခြားသော နေအိမ်များနှင့် မိသားစုဝင်များ အတိဒုက္ခမရောက်ရှိစေရေးအတွက် မီးကိုသတိပြုသုံးစွဲရန်နှင့် အိမ်တိုင်းတွင် မီးဘေး ကြိုတင်ကာကွယ်ရေး အစီအမံများ ထားရှိရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်း သော မီးလောင်မှုများမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်များအရ သိရသည်။

 

မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျ သည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများ ကို မြေကျင်းတူး၍ စနစ်တကျအသုံးပြုခြင်း၊ မီးဖိုကို စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များ မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များကို ထရံနှင့် ခြင်ထောင်အနီးတွင် မထွန်းခြင်း၊ ကောက်ရိတ်သိမ်းချိန်တွင် လယ်ကွင်း၌ မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

 

တောမီးလောင်ခြင်းဖြင့် အဖိုးမဖြတ်နိုင်သော သစ်တောမြေများဆုံးရှုံးခြင်း၊ အဖိုးတန် သစ်မျိုးများကို ထိခိုက်ပျက်စီးစေခြင်း၊ တောမီးကြောင့် သစ်တောအကာအကွယ်များ ပျက်စီးရာမှ မြေတိုက် စားမှုဖြစ်ပေါ်ကာ အကျိုးဆက်အဖြစ် နုန်းများ အနည်ကျခြင်း၊ ချောင်းများ တိမ်ကောခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြေအောက်ရေ လျော့နည်းခြင်း၊ စိမ့်စမ်းရေထွက်များ ခန်းခြောက်စေခြင်း၊ သဘာဝ တောရိုင်းတိရစ္ဆာန်များ သေကျေပျက်စီးခြင်း၊ စား ကျက်မြေများ ပျက်စီးဆုံးရှုံးခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ သဘာဝကြောင့် လောင်ကျွမ်း ခြင်းမှအပ တောမီးလောင်မှုကို ဖြစ်ပွားစေနိုင်သည့် အပြုအမူမှန်သမျှကို ထိန်းသိမ်းခြင်းအားဖြင့် ဇီဝ မျိုးစုံမျိုးကွဲများ ခိုလှုံရာနေရာဖြစ်သော မြန်မာ့ သစ်တောများ အစဉ်တည်တံ့ရေးအတွက် ပူးပေါင်း ကူညီရန် လိုအပ်သည်။

 

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင် လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင် ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်းအဆောက်အအုံ တိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင် အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

 

မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် နှစ်စဉ် ဖြစ်ပွားလေ့ရှိသော သဘောဝဘေးအန္တရာယ်များ အနက် အကြိမ်အရေအတွက် အများဆုံးနှင့် ဆုံးရှုံးမှု ပမာဏ အမြင့်မားဆုံး သဘာဝဘေးဖြစ်သည့်အပြင် မီးလောင်မှုများကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေလျက်ရှိသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်း များစွာရှိသည့်အနက် အများအားဖြင့် မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်း ရင်းမှာ မီးကိုပေါ့ဆစွာ အသုံးပြုခြင်း၊ မီးဖိုမီးနှင့် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ခြင်းတို့ကြောင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ လျော့နည်းစေ ရေးနှင့် နိုင်ငံသားများ အကာအကွယ် ပိုမိုရရှိစေမည့် မီးဘေးလုံခြုံရေးစနစ်တစ်ရပ်ဖြစ်ပေါ်လာရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို အများပြည်သူ လိုက်နာမှု အားကောင်းစေရန်ပညာပေးရေး၊ မီးငြှိမ်းသတ်ရာတွင် ခေတ်မီနည်းပညာနှင့် ခေတ်မီမီးငြှိမ်းသတ်ရေးကိရိယာများ ပိုမိုဖြည့်တင်းရေးတို့ကို အဆောတလျှင် အကောင်အထည် ဖော်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။