ဇန်နဝါရီ ၂၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့က ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားသဖြင့် လူခုနစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အမေရိကန်မီဒီယာကဖော်ပြထားသည်။
ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုတောင်ပိုင်း ကီလိုမီတာ ၅၀ ခန့်အကွာရှိ ဟတ်ဖ်မွန်းဘေး ကမ်းရိုးတန်းမြို့တွင် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ပစ်ခတ်ရသည့်အကြောင်းရင်းကိုမသိရှိရသေးကြောင်း ရဲမှူးရုံး၏ပြောကြားချက်ကို လော့စ်အိန်ဂျလိစ်တိုင်းမ်တွင် ကိုးကားဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိပြီး အသက် ၆၇ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း ရဲမှူးရုံးက တွစ်တာတွင် ရေးသားထားသည်။
လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးရှိ မွန်ထရီပါ့ခ်မြို့ငယ်လေးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးသေဆုံးခဲ့ပြီးနောက် နှစ်ရက်ခန့်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို