မွန်ဂိုလီးယားနိုင်ငံ၌အအေးလွန်ကဲမှုများဖြစ်ပေါ်နေသဖြင့်အအေးဒဏ်ရင်ဆိုင်နိုင်ရေးအထူးကြိုတင်ကာကွယ်ကြရန် တိုက်တွန်း

ဇန်နဝါရီ ၂၄

မွန်ဂိုလီးယားနိုင်ငံ၏ဒေသအများအပြားသည် မကြာသေးမီရက်များအတွင်း အအေးလွန်ကဲမှုများဖြင့်ရင်ဆိုင်နေရသည်ဟု မိုးလေဝသနှင့်ပတ်ဝန်းကျင်စောင့်ကြည့်ရေးအမျိုးသားအေဂျင်စီက ယမန်နေ့က ပြောကြားသည်။

နိုင်ငံအနောက်ပိုင်း ဇာဗ်ခန်ပြည်နယ်စုဖြစ်သော ဘရန်တတ်စ်ဒေသတွင် ညတွင်းချင်း အပူချိန် အနုတ် ၅၀ ဒီဂရီဆဲလ်စီးရပ်စ်အထိ ကျသွားခဲ့သည်ဟု သိရသည်။

အဆိုပါအပူချိန်ကျဆင်းမှုသည်  ၂၀၁၈ ခုနှစ်နောက်ပိုင်း အအေးဆုံးအပူချိန်ဖြစ်ကြောင်း ရာသီဉတုဆိုင်ရာစောင့်ကြည့်ရေး အေဂျင်စီက ပြောကြားသည်။

နိုင်ငံအတွင်းရှိ ဆာခ်ဘာတာမြို့တွင် ဇန်နဝါရီ ၂၂ ရက်ညပိုင်းက အပူချိန် အနုတ် ၄၆ ဒသမ ၄ ဒီဂရီဆဲလ်စီးရပ်စ်ဖြင့် စံချိန်တင်ခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

နိုင်ငံ၏မြို့တော်အပါအဝင် အခြားဒေသများတွင် ပြီးခဲ့သည့်ညက ညတွင်းချင်း အပူချိန် အနုတ် ၄၀ ဒီဂရီဆဲလ်စီးရပ်စ်အထိရှိသည်ဟု သိရသည်။

ထိုအေဂျင်စီက သီတင်းပတ်တစ်ပတ်လုံး အအေးလွန်ကဲနိုင်သည်ဟု မျှော်မှန်းထားပြီး အထူးသဖြင့် ကားသမားများအနေဖြင့် အအေးဒဏ်ခံနိုင်ရေးအတွက် အထူးကြိုတင်ကာကွယ်မှုလုပ်ဆောင်ကြရန် ပြည်သူများအား တိုက်တွန်း ပြောကြားထားသည်။

မွန်ဂိုလီးယားနိုင်ငံတွင် ဆောင်းရာသီကာလအတွင်း အပူချိန် အနုတ် ၂၅ ဒီဂရီစံနှုန်းရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို