ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးအား သွားရောက်တွေ့ဆုံ 

နေပြည်တော် ဇန်နဝါရီ ၂၄

တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်(ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Chuti Krairiksh အား ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် သွားရောက်တွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ထိုင်း-မြန်မာနှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးပိုမို ကောင်းမွန်စေရန် ဆောင်ရွက်သွားရေး၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖလှယ်ရေး၊ တိုင်းရင်းသားလူမျိုးများ အပြန်အလှန်အကျိုးကျေးဇူးရရှိစေရေး နှစ်နိုင်ငံဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေး တိုးမြှင့်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် သံမှူးကြီး ဦးမော်ဗလ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်  ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံလူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

သတင်းစဉ်