KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော် ဇန်နဝါရီ ၂၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ယနေ့နံနက် ၃ နာရီခန့်တွင် ကော့ကရိတ်မြို့နယ် တံတားဦးကျေးရွာဘက်မှ ကမ်းနီးကျေးရွာဘက်သို့ မော်တော်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ၁၅ ပေ၊ အနံ ပေ ၃၀၊ အမြင့် ၁၅ ပေရှိ ရုံးအဆောက်အဦ မီးလောင်ပျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြပ်ကိုင်ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် နီးစပ်ရာဆွေမျိုးများရှိရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်