နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၅

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး  နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သည်။ 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က နှုတ်ခွန်းဆက်အမှာစကားများပြောကြားကြသည်။

ထို့နောက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရမည့်ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့်  နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြုချက်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကိုရပ်နားခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်